အကျဉ်းထောင်ထဲမှာ ရှိနေတုန်းက ကျွန်တော်မသေမီ လုပ်ချင်သည့် အရာများကို ချရေးခဲ့ဖူးသည်။
၁ - အဖမ်းခံရသည့် အကြောင်း။ ထောင်အကြောင်း တစ်နေ့တော့ ရေးရမည်(ခုတော့
ရေးပြီးပြီ။ ထုတ်လည်းထုတ်ေ၀ ဖြန့်ချီပြီးပြီ)။
၂ - အငြိမ့်အကြောင်း ရေးရမည်။ အထူးသဖြင့် ခေတ်ပြိုင် ခံစားမှ ဖြစ်ရမည်။(ခုတော့
ရေးပြီးပြီ။ ထုတ်ေ၀ ဖြန့်ချီနေပြီ ဖြစ်၏)။
၃ - မြန်ာမပြည် ဒီမိုကရေစီ အပြောင်းအလဲကို ရေးချင်သည်။ ရေးနေဆဲလည်း ဖြစ်သည်။ မစုံလင်သေး။ အကျဉ်းထောင်ထဲမှာ ရှိစဉ်က နိုင်ငံရေးမျိုး မဟုတ်တော့။ ခုမြန်မာပြည်
၏ နိုင်ငံရေး အခြေအနေက အရူးကို မော်တော်ပီကယ် လုပ်ခိုင်းထားသလို ဖြစ်နေသည်။ သူလည်း ပြချင်ရာပြ ကားတွေလည်း မောင်းချင်ရာ မောင်းနေသည်။ တော်တော်ရေး ရချေဦးမည်။ သို့သော် မသေခင် ပြီးရမည်ဟု အာမခံပါသည်။
၄ - ရုပ်ရှင်ပွဲတော် လုပ်ချင်သည်။ လုပ်လည်း လုပ်ခဲ့ပြီးပြီ။ ဆက်မလုပ်ချင်တော့လို့ ရပ်လိုက်ပြီ။ ထိုစဉ်က ကျွန်တော် ထောင်ထွက်ခါစ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတွေ့မှာ လူငယ်တွေ အတွက် ရုပ်ရှင်ပွဲတော် လုပ်ပေးရန် ဆွေးနွေးမိခဲ့သည်။
ထိုမှတစ်ဆင့် အန်တီ အားပေးလို့ The Art of Freedom Film Festival လုပ်ဖြစ်ခဲ့သည်။ ထိုနာမည်ကို ဒါရိုက်တာ မင်းထင် ကိုကိုကြီးက ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဝသန် ရုပ်ရှင်ပွဲတော် တစ်ခုသာ ရှိသည်။ သို့တစေ ဝသန်ကား ဆင်ဆာကို မကျော်နိုင်။ မြန်မာ့
ရုပ်ရှင် လုပ်ငန်းနှင့် ရုပ်ရှင် အစည်းအရုံးကို ခွင့်ပြုချက် တောင်းနေရသည်။ ကျွန်တော်
လိုချင်တာ ဒါမှမဟုတ် အနုပညာရှင်၏ ဖန်တီးမှုကို မည်သို့သော သူတစ်ဦးဦးကမှ ဝင်ရောက် စေညွန် ခိုင်းစေတာမျိုး လက်မခံနိုင်။ တကယ့် လက်တွေ့ကျတော့ ကျွန်တော်
တော်တော် တွန်းတွန်း တိုက်တိုက် လုပ်ခဲ့ရသည်။ ထိုစဉ်က ပြန်ကြားရေး ဝန်ကြီးနှင့် ထိပ်တိုက်တိုးတာချည်း ဖြစ်သည်။ ကိုယ့်စကားလည်း သူနားမထောင်တော့ ကိုယ်ကလည်း သူ့စကား နားထောင်စရာ လိုသည်ဟု မထင်တော့ချေ။
တော်ဝင်စင်တာလို နေရာမျိုးမှာ ဒါရိုက်တာ စိုင်းကျော်ခိုင်၏ ၂၀၀၇ သံဃအရေးအခင်းလို ရုပ်ရှင်မျိုးကို ဆုပေးပြီး အများပြည်သူကို ပြသနိုင်ခဲ့သည်။ လမ်းမပေါ်မှာ ထောင်ထားသော
မြေစိုက် LED ဘုတ်ကြီးရှေ့ထိုင်နေသော ပရိသတ်တွေ ပြည်လမ်းပေါ်က ကားတွေ ယခုတိုင် မြင်ယောင်မိသေးသည်။ဒီပြိုင်ပွဲ၏ နောက်ဆက်တွဲကား ပြဿနာပေါင်းစုံ
ဖြေရှင်းရခြင်းပင်။ အမြတ်ထွက်သည်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်သမား
တွေ ပြန်ရခဲ့ခြင်းပင်။ မည်သို့ပင်ဆိုစေ လူငယ်မျိုးဆက် ဒါရိုက်တာတွေ အများအပြား
ပေါ်ထွက်လာခဲ့၏။ သို့သော် အနုပညာရှင်သည် လွတ်လပ်၏။ မည်သို့သော အချုပ်အနှောင်
ကို ခံမည်မဟုတ်။ ထို့ကြောင့် မလွတ်လပ်တော့သော လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်
ပွဲတော်ကို ကျွန်တော် ကျောခိုင်း လိုက်ခဲ့ပြီ။
၅ - ရန်ကုန်မှာ ပျောက်ကွယ် ခဲ့ပြီဖြစ်သော သင်္ကြန်သံချပ် အသင်းတွေ ပြန်ပေါ်လာ
စေချင်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်တော် အမေရိကန်သို့ ရောက်စဉ် ထိုမှ
မြန်မာ လူမျိုးများကို သင်္ကြန်သံချပ်တွေ မြင်ရပါစေ့မယ်ဟုအာမခံပေးမိခဲ့သည်။ ပြောသည့်
အတိုင်း ဖြစ်အောင်လုပ်သည်။ ချောင်မည်ထင်ပြီး အူကြောင်ကြောင် ဒိုင်ဗင်ထိုးသူတွေကြောင့် ပျက်မလို ဖြစ်သွားပြီး မှန်းသလို မလုပ်နိုင်ခဲ့။ ၂၀၁၃ကျမှ ဒါရိုက်တာ ကိုမီးပွား၊ ကိုဘိုစန်း
တို့မှ ပံ့ပိုးမှုကြောင့် ပြည်သူ့သင်္ကြန် ပြည်သူ့ထံသို့ ပြန်လည် ခိုနားခွင့်ရခဲ့သည်။
သေချာတာ တစ်ခုတော့ ပြောချင်သည်။ ရုပ်ရှင် ဆင်ဆာ ကိစ္စဆိုတာတွေသည် ပါးစပ်က
ပြောရုံဖြင့် အလွယ်ကျော်ဖြတ်နိုင် သည်တော့ မဟုတ်ခဲ့ချေ။ လောကမှာ ဘယ်အရာမှ လွယ်လွယ်နှင့် မရတတ်။ အရင်းများမှ အမြတ်များပေ။ ဘာမှမရင်းပဲ တာဝန်မယူဘဲ ဘာမှမဖြစ်လာနိုင် ဆိုတာကို မီးမောင်း ထိုးပြလိုက်ခြင်းပင်။
၆ - ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို မှတ်တမ်း ကျန်ခဲ့စေချင်သည်။ ထို့အတူ ဆရာဦးသန့် အကြောင်း၊ ဂဠုန်ဦးစောအကြောင်း တို့ကိုလည်း ရိုက်ကူးချင်သည်။ ၁၉၈၈ အခြေခံ
၂၂ နှစ်တာ ဒီမိုကရေစီ ခရီးကြမ်း တစ်ခုကို ပုံဖော်ခဲ့ချင်သည်။ အဆင်သင့် ရေးသားပြီး
သည်များ ရှိသလို ဖြည့်တန်ဖြည့် ဖြုတ်တန်ဖြုတ် ရဦးမည်။ အကောင်အထည်
မပေါ်သေးသဖြင့် ကိုယ့်ကိုကိုယ်တော့ မကျေနပ်နိုင်သေး။ လတ်တလော ကိုယ်သေ
သွားခဲ့သော် ဇာတ်ညွန်းတော့ ကျန်ခဲ့ပေမည်။ ဗိုလ်ချုပ်အောင်ဆန်း ကတော့ ကိုယ်မပိုင်၊ တိုင်းပြည်က ပိုင်သည်။ ဗိုလ်ချုပ် နောက်တစ်ခါ အလုပ်ကြံ မခံရစေချင်။
၇ - မထင်မှတ်ပဲ နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်ခဲ့သည့် ကော်မတီနှစ်ခုမှာ ပါခဲ့ရသည်။ ပါခဲ့ရသလောက် လုပ်လည်း တော်တော် လုပ်ခဲ့ရသည်။ ရခိုင် ကော်မရှင်နှင့် လက်ကျန်
နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီတို့ ဖြစ်သည်။ ရခိုင်ပြည်နယ်မှာ ရက်ပေါင်း
များစွာ နေခဲ့သည်။ လမ်းပေါင်းများစွာ လျှောက်ခဲ့ရသည်။ လူပေါင်းများစွာ တွေ့ခဲ့ရသည်။ စကားပေါင်း များစွာပြောခဲ့ရ၏။ ထောင်ထဲ ရောက်နေစဉ်က ချရေးထားခဲ့သော လုပ်ရမည့် စာရင်းထဲမှာ တစ်ခု တိုးလာသည်။ ရခိုင် ကော်မရှင်မှာ ပါဝင် လုပ်ဆောင်ခဲ့စဉ်က အတွေ့အကြုံတွေကို စာအုပ်တော့ ရေးဖို့ ကောင်းသည်။
ကျွန်တော့် မိတ်ဆွေတွေထဲမှာ အစ္စလာမ် ဘာသာ ကိုးကွယ်သူတွေ အများအပြား ရှိနေသည်။ ထို့အတူ ရခိုင် သူငယ်ချင်းများလည်း တစ်ပုံတပင်။ ယခုဖြစ်ပွားခဲ့သည့် ပြဿနာက လူမျိုးရေး ပြဿနာ မဟုတ် ဘာသာရေး ပြဿနာ မဟုတ်။ တစ်ဖက်ဖက်ကနေ ရပ်ပြော
လိုက်သည်နှင့် ဆဲခံ ရတော့သည်။ ဘယ်နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ကမှ မဝေဖန်ရဲ။
ဒေါ်အောင်ဆန်းစုကြည်ပင်လျင် အတိုက်အခိုက် ခံရ၏။ ကျွန်တော်တို့ ကော်မတီဝင် အန်တီ ဒေါ်သန်းသန်းနု ကိုပင်လျင် ဝန်ကြီးချုပ် ဦးနု၏ သမီးဆိုပြီး ဦးနုကြောင့် ဒီပြဿနာ
တွေ ဖြစ်ခဲ့တာဟု ဆိုကာ အတွယ်ခံရသည်။
အစ္စလာမ် ဘာသာဝင်များကို ကိုယ်ချင်းစာ စကားပြောမိတော့ ကျွန်တော့်ကို ရခိုင်
(အစွန်းရောက်) တစ်ချို့က ဆဲကြသည်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဆိုတာ မရှိပါဖူးလို့
ပြောတော့ ကိုယ့်ကို ရိုဟင်ဂျာဟု တံဆိပ်ကပ်နေသူတွေက ကျွန်တော့်ကို ဝိုင်းဆဲကြ ပြန်၏။
ဟော်လန်နိုင်ငံသို့ ကျွန်တော် ရောက်ခဲ့စဉ်က ကျွန်တော့်ကို တစ်လေးတစား လာတွေ့ပြီး စကားပြောခဲ့သူက ကျွန်တော်၏ ရိုဟင်ဂျာ မြန်မာပြည်မှာ မရှိသော စကားကြောင့် ကျွန်တော့်ကို ပယ်ပယ်နယ်နယ် ဆဲပြန်တော့၏။ သေချာသည်က ကျွန်တော် ဘယ်သူ့ စကားကိုမှ နားမထောင်ခဲ့ခြင်းပင်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့့်ဖြင့် ကော်မရှင် တာဝန်ကို ခရီးဆုံးအောင် လုပ်နိုင်ခဲ့သည်။
ဒီနေရာမှာ သင်ခန်းစာတွေ တပုံတပင်ကြီး ရခဲ့သည်။ ဒီသင်ခန်းစာတွေကို တစ်နေ့စာအုပ် ထုတ်ဝေပါဦးမည်။ သို့သော် လက်တလော ရခိုင်ပြည်နယ်မှာ ဖြစ်နေသည့် ပြဿနာတွေကြောင့် ကျွန်တော့်အား မုန်းလိုက မုန်းပါစေ၊ ဆင်ခြင်နိုင်ရန် တင်ပြချင်သည်။ တကယ်တော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဆိုတာသည် ဇစ်မြစ် ပြဿနာ မဟုတ်ချေ။ ရိုဟင်ဂျာကို အသက်သွင်းရန် ရုပ်လုံးကြွရန် ဖန်တီးနေသူတွေက မီးလောင်ပြီးမှ လက်ခမောင်းခတ်ခြင်း သက်သက်သာ။ ချုပ်၍ ဆိုရပါလျှင်
(၁) ရခိုင်ပြည်သည် ဘင်္ဂလီများကို ထမ်းထားရတာကြာပြီ။ အရင်က ချစ်ချစ်ခင်ခင် ပူးလို့တွဲလို့ နေခဲ့ပဲလေဟု ဗမာတွေက လာပြောတာမျိုး တရားမဝင်ချေ။ ရခိုင် ပြည်နယ်၏ အရေးကို ရခိုင်လူမျိုးများကသာ ဖန်တီးခွင့် ရခဲ့မည်ဆိုလျင်သည် ပြဿနာ ငြိမ်းချမ်း
သွားမည်မှာ အမှန်။
(၂) နယ်စပ်စည်းရိုး ပြဿနာဟု ပြောနေဆိုနေပြီး နယ်စပ်စည်းရိုး လုံအောင် မလုပ်တာလည်း မကောင်းလှချေ။ အရှေ့ဖက် တရုတ်နယ်စပ်မှာ မြန်မာစာ မြန်မာစကား လုံး၀ မပြောတော့။ သို့သော် တရုတ်ကပြားသည်၊ ပြဿာနာ မဖြစ်အောင်နေ၏။ တစ်ချို့သော ကျွန်တော်၏ သူငယ်ချင်း ရခိုင်သား ပြောစကားကို ပြန်ဆိုရလျှင် ရှမ်းမှာ၊ ဝမှာ လက်နက်ရှိတယ်၊ ငါတို့မှာ လက်နက် မရှိလို့ဟူသော စကားက တာသွားလှပေသည်။
(၃) အရေးကြီးဆုံး တစ်ခုကိုတော့ ပြောချင်သည်။ မတော်တဆ ဆိုတာတွေ များလာလျှင် တိုက်ဆိုင်တာတော့ မဟုတ်တော့။ လုပ်ယူတာဖြစ်ပြီး၊ ယူနန်ပိုက်လိုင်း လာရာလမ်းမှာ
ပြဿနာ လာလာ ဖြစ်နေတာ တိုက်ဆိုင်တာ မဟုတ်တော့ဟု ထင်လာသည်။ သန်းခေါင်
စာရင်း ကိစ္စမှာ ရိုဟင်ဂျာ ထည့်ထည့် မထည့်ထည့် ဒါအရေးမကြီးချေ။ သာသနာ့ အလံ ကိစ္စကလည်း ယခုချိန်ထိ သက်သေမတွေ့။ တစ်ယောက်က ဖွလိုက်တာသာ ဖြစ်နေပြီ။
သေချာတာကတော့ ကျောက်ဖြူက ပိုက်လိုင်းကြီး စခန်းသိမ်းတာကသာ ပဓာန ဖြစ်နေ
တော့မည်။
ကျွန်တော်၏ စာချုံ့ပါမည်။ မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ကိုယ်ထမ်းနိုင်သမျှ ထမ်းကြရုံသာရှိသည်။ မထမ်းနိုင်ပါကလည်း ထမ်းနိုင်သူကို ရေတစ်ခွက် ကူပေရမည်။
ကိုယ့်မြေ အသိမ်းခံရလို့ အဖျက်ခံရလို့ အော်နေသူတွေကိုလည်း ကိုယ်ချင်းစာပါသည်။ ခုဖြစ်နေသည် ကတော့ ရပ်ကွက်တစ်ခု ရွာတစ်ခု မဟုတ်။ အသေအချာ ဂရုတစ်စိုာက်
စိစစ်ပြီး ဗျူဟာ ဆင်ကြပါဟုသာ ပြောချင်ပါတော့သည်။
( Tomorrow သတင်းဂျာနယ် အမှတ်(ရ) ပါ ဆောင်းပါး )
No comments:
Post a Comment