Google Search Box မှာ ဒီစာကြောင်းလေးတွေ ရိုက်ထည့်ဖူးပါသလား
သင်ဟာ အင်တာနက်အသုံးပြုနေသူဖြစ်တဲ့အတွက် Google နဲ့တော့ စိမ်းမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်အားကိုးအသုံးပြုနေတဲ့ Google Search Box မှာ အခုပြောပြမယ့် စာလုံးလေးတွေ ရိုက်ထည့်ကြည့်ဖူးပါသလား။ သင်မြင်ဖူးနေကျ Google ကို အခြားရှု့ထောင့်တွေကနေ ဘယ်လိုအဆန်းတကြယ်တွေ မြင်ရမှာပါလိမ့်။ ခုပဲ ရိုက်ကြည့်ကြည့်ရအောင်။
၁။ တစ်ပတ်လည် Google
Search Box ထဲကို “ do a barrel roll” ဒါမှမဟုတ် “ z or r twice” လို့ ရိုက်ထည့်လိုက်တာနဲ့ သင့်ရဲ့Google ဟာ တစ်ပတ်လည်ပြပါလိမ့်မယ်။ Google ဟာ ကျွမ်းထိုးတတ်နေတာ လျှိုထားတာပါ။
၂။ Google အစောင်း
Search Box ထဲကို “askew” လို့ ရိုက်ထည့်လိုက်တာနဲ့ သင့်ရဲ့ Google ဟာ ပေစောင်းစောင်း ဖြစ်သွားပါလိမ့်မယ်။ မသိမသာလေးပေါ့။
၃။ မှိတ်တုတ် Google
Search Box ထဲကို <blink> (ကွင်းစကွင်းပိတ် အပါအဝင်) လို့ ရိုက်ထည့်လိုက်တာနဲ့ blink နဲ့ ပက်သတ်တာတွေ ပေါ်လာမှာဖြစ်ပြီး ထူးခြားတာကတော့ အဲဒီ blink ဆိုတဲ့စာလုံးလေးတွေက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေမှာပါပဲ။
၄။ Google ဘီးကျဲ
လွန်ခဲ့တဲ့ ၁၈နှစ်လောက်က Google ရဲ့ ပုံစံနဲ့ ယခုလက်ရှိ ၂ဝ၁၆မှာ မြင်ရတဲ့ Google ရဲ့ပုံစံကို အတူတူပဲလို့ သင်ထင်နေရင်တော့ မှားနေပါပြီ။ Search Box မှာ “ Google in 1998” လို့ ရိုက်ထည့်ကြည့်လိုက်ရင် သင့်ရဲ့ Google ကို ဘီးကျဲအထာနဲ့ တွေ့ရမှာပါ။
၅။ တိုက်စား Google
သင့်ရဲ့ Google Home Page ကိုကြည့်ရင်း ပျင်းရိလာတယ်လို့ ခံစားရရင် Search Box ထဲမှာ “Zerg Rush” လို့ ရိုက်ထည့်ကြည့်လိုက်။ Google စာလုံးထဲက “0” လေးတွေက သင့် Google Home Page မှာ မြင်ရသမျှတွေ တိုက်စားသွားတာတွေ့ရမှာပါ။
၆။ Google ပင်ပေါင်
ငယ်ငယ်က ပင်ပေါင်ဘောလုံးလေးတွေကို ပြုတ်မကျအောင် တန်းလေးတစ်ခုနဲ့ လိုက်ခံရတဲ့ Game လေးကို မှတ်မိကြသေးလားဗျ။ အပေါ်က အတုံးလေးတွေ ကုန်မှ နောက်တစ်ဆင့တက်တဲ့ Game လေ။ အဲဒီ Game ကို Google Image Search က ဓာတ်ပုံတွေနဲ့ဆော့ချင်ရင် Search Box ထဲမှာ “ atari breakout” လို့သာ ရိုက်ထည့်လိုက်ပါ။
၇။ Google ရွေ့လျားတုံးငယ်များ
Search Box ထဲမှာ “conway’s game of life” လို့ရိုက်ထည့်တာနဲ့ Screen ရဲ့ ညာဘက်ထောင့်နားတစ်ဝိုက်ကနေ အစပြုပြီး လေးထောင့်တုံးလေးတွေ ရွေ့လျားပွားများလာတာကို တွေ့ရမှာဖြစ်ပါတယ်။ တဖြေးဖြေးနဲ့ ပွားလာတာဗျို့။
၈။ Google ရွှေပြား
မာရီယိုဂိမ်းတော့ ဆော့ဖူးတယ်လောက် လုပ်လိုက်ဗျာ။ Search Box ထဲမှာ “super mario bros” လို့ ရိုက်လိုက်တာနဲ့ Screen ရဲ့ ညာဘက်မှာ မာရီယိုခုန်ခုန်တိုက်တဲ့ Question Mark Box လေးပေါ်လာလိမ့်မယ်။ အဲဒီ Box လေးကို mouse လေးနဲ့ Click လုပ်ကြည့်လိုက်။
၉။ ခေါင်းပန်း Google
ရွေးစရာ (၂)ခုဖြစ်နေလို့ ဗျာများနေသလား။ Google မှာ ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်လိုက်ပါ။ Search Box ထဲမှာ “ flip a coin” လို့ ရိုက်ထည့်လိုက်ရုံနဲ့ ခေါင်းပန်းလှန်လို့ရပါပြီ။
၁၀။ အန်စာ Google
ရွေးချယ်စရာက (၂)ခု မကဘူးဆိုရင်တော့ အန်စာတုံးနဲ့မှ အဆင်ပြေတော့မှာပေါ့။ Search Box ထဲမှာ “roll a dice” လို့သာ ရိုက်ထည့်လိုက်။ အန်စာတုံးပစ်လို့ ရပါပြီ။
၁၁။ Google ဘေကွန်
ဒီတစ်ခုကတော့ ဟောလီးဝုဒ်စတားတစ်ယောက်ဖြစ်တဲ့ Kevin Bacon ကိုတည်ထားတဲ့ အပျော်ကစားနည်းတစ်ခုပါ။ နံမည်ကြီး Celebrity တွေ သူနဲ့ တစ်နည်းမဟုတ် ချိတ်ဆက်မိနေတာကို တွေ့မြင်ရမှာဖြစ်ပြီး ချိတ်ဆက်မှုကို အမှတ်ပေးပြီး အမှတ်များတဲ့သူက နိုင်တဲ့သဘောပေါ့။ သင်နှစ်သက်တဲ့ Celebrity တစ်ယောက်ရဲ့နံမည်ကို “Bacon number “ ဆိုတာရဲ့ အနောက်မှာသာ ရိုက်ထည့်ကြည့်လိုက်။
၁၂။ Google ပြိုင်ဖက်
ဝိတ်ချဖို့ ကြိုးစားနေသူတစ်ဦးအတွက် အရမ်းအဆင်ပြေမှာလေးတစ်ခုပါ။ Search Box ထဲမှာ မိမိသိလိုတဲ့ အစားအစာ ၂ခုကြားမှာ Vs လို့ရိုက်ရုံနဲ့ ဘယ်အစားအစာက ကယ်လိုရီများတယ် ၊ ဘယ်အစားအစာက အဆီများတယ်ဆိုတာကို ယှဉ်ပြီးသိရမှာပါ။ ဥပမာ “ Apple Vs Oranges” လို့ရိုက်လိုက်တာာနဲ့ ပန်းသီးနဲ့လိမ္မော်သီးအကြောင်း ယှဉ်ပြီးသိရမှာပါ။
၁၃။ ဟာဒယ Google
ဒီတစ်ခုကတော့ Search Box မှာ ရိုက်ရမှာမဟုတ်ပဲ သင်သုံးနေတဲ့ Google URL ရဲ့အနောက်မှာ “?hl = xx-kinglon” ဆိုတာကိုရိုက်ပြီး Enter နှိပ်လိုက်ပါ။ သင်တစ်ခါမှာ မမြင်ဖူးသေတဲ့ kinglon google ကို ရောက်သွားမှာဖြစ်ပြီး Search Box ထဲမှာ သင်ဘာရှာရှာ အတော်ရယ်ရတဲ့ ပေါက်ကရတွေသာ ထွက်လာအောင် ဖန်တီးထားပါတယ်။
၁၄။ တိုင်ပတ် Google
Google ထွင်သူတွေဟာ အတော်လဲနောက်တာပါ့။ Search Box ထဲမှာ “Recursion” လို့ ရိုက်လိုက်ရင် ကိုယ်ရိုက်လိုက်တာပဲ မှားသလိုလိုနဲ့ “Did you mean recursion” ဆိုပြီး စာလုံးပြာပြာကြီးနဲ့ ပြန်မေးပါလိမ့်မည်။ အဲဒါကို ကိုယ်က သွား Click မိရင်လဲ “Did you mean recursion” ဆိုပြီး ထပ်မေးတော့ ထပ် Click လုပ် ၊ ထပ်မေး ၊ ထပ် Click နဲ့ တိုင်ပတ်နေရော။ Recursion ရဲ့ အဓိပ္ပာယ်ကိုက ဖန်တလဲလဲ ပြုလုပ်ခြင်း သဘောသဘာဝရှိတဲ့ Application ကို ခေါ်တာတဲ့လေ။
ဘာမှတော့ အကျိုးမရှိလှပေမယ့် Google ကို ဒီလိုအပျော်လေးတွေနဲ့ သုံးလို့ရတာကတော့ သဘောကျစရာပါပဲ။ ၁၄ ခုလုံးမဟုတ်တောင် တစ်ခုလောက်စမ်းကြည့်လိုက်တာနဲ့ သင့်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေ ခဏမေ့သွားပြီး သဘောကျသွားဖု့ိ မျှော်လင့်ပါတယ်။ အပျင်းပြေကြပါစေဗျာ။
No comments:
Post a Comment