အရွယ်ရောက်သူ တော်တော်များများတွင် စိတ်ကူးအိမ်ကလေးတစ်လုံး ကိုယ်စီ ရှိတတ်ကြသည်။
အင်္ဂလိပ်ဝေါဟာရအားဖြင့်တော့ Home ဆိုသော အိမ် ကို
ဆိုလိုခြင်းဖြစ်သည်။
House ဆိုတာက အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သစ်သား စသည်တို့ဖြင့် တည်ဆောက်ထားသော ရုပ်ဝတ္ထုကို ဆိုလို၍
Home ဆိုတာကတော့ အမိုးအကာ တစ်ခုတည်းအောက်တွင်
နေထိုင်ကြသော ပေါင်းစည်းနေထိုင်ကြသော မိသားစုသဘာဝ၊ မိသားစုတန်ဖိုးများနှင့် မိသားစုအလေ့အထများကိုဖော်ညွှန်းသည်။
သင် ဘယ်လိုအိမ်တစ်လုံးကို လိုချင်ပါသလဲ။ ပင်လယ်ကမ်းစပ်မှ ဆားနံ့သင်းသော ဝရံတာကျယ်ကျယ်နှင့် အမိုးစွေစွေရှိသော သစ်သားတစ်ထပ်အိမ်လေးလား။ ဘုရင်မကြီး အယ်လစ်ဇဘတ်၏ ဧက ၅၀ ကျော် ကျယ်ပြီး အခန်းပေါင်း ၆၀၀ ကျော် ရှိသည့် ဘက်ကင်ဟမ်နန်းတော်လို အိမ်မျိုးလား။ ဟောင်ကောင်သူဌေးကြီး လီကာရှင်း၏
ပင်လယ်ထဲမှ ကျွန်းတစ်ကျွန်းလုံးကို ဝယ်ကာ ဆောက်ထားသည့် Mansion မျိုးလား။ (ထိုနေရာတွင်နေလျှင်
ဇိမ်ခံရွက်လှေတစ်စီးတော့ ရှိဖို့လိုလိမ့်မည်။)
ဆူညံရှုပ်ခတ်လျက် အာရုံထွေပြားစရာ ပေါများလှသော
မြို့ပြလူသားတို့ဘဝတွင် အေးဆေးတိတ်ဆိတ်ငြိမ်းချမ်းမှုပေးရာ၊ ဘဝအမောတွေမှ ခေတ္တရှောင်ရှားနိုင်ရန် အိမ်ဂေဟာလေးတစ်ခုကတော့ မရှိမဖြစ်ကိုလိုသည်။
ပိုက်ဆံပေါသူတို့က အပန်းဖြေမြို့ငယ်များ၊
တောနယ်ဘက်များတွင် အနားယူရန်သီးသန့်အိမ်တည်ကြသည်။ ကျောချစရာတစ်နေရာပင် ဖြစ်ဖြစ်မည်အောင်
ရှာနေရသူတို့အတွက်တော့ ရွေးချယ်စရာ ရှားသည်။
လေလုံ မိုးလုံ အမိုးအကာအောက်တွင်
ကျောတစ်ခင်းစာရရုံနှင့် ဘဝကို ကျေနပ်ကြရသည်။
အိမ်ဆိုသည့် ဖြစ်တည်မှုတွင် မိသားစုဘဝက
အရိပ်လိုကပ်လျက်ပါသည်။ Social animal ဖြစ်သည့် လူ ဆိုသည့် သတ္တဝါတွေက မှီတွယ်စရာ မိသားစုတစ်ခုတော့ ရှိနေဖို့ လိုသည်။ မဟုတ်လျှင်တော့ ကုန်းပေါ်တင်နေသည့် ငါးလို
လောကီဇာတ်ရှုပ်အလယ်တွင် ခိုနားရာမဲ့ကာ အသက်ရှုမဝ
ယက်ကန်ယက်ကန်ဖြစ်နေလိမ့်မည်။
လူအချို့က လောကမှာ အောင်မြင်သူတွေအဖြစ်
သတ်မှတ်ခံကြရသည်။ ဟီးနေအောင် ခမ်းနားသော
နန်းတော်အလား အိမ်တော်များနှင့် နေနိုင်ကြသည်။ ရှေးဟောင်းအနုပညာလက်ရာများ နောက်ဆုံးပေါ်ပရိဘောဂများဖြင့်
အသက်ရှုကျပ်လောက်အောင် ဖြည့်တင်းပြည့်စုံနေစေကာမူ
မိသားစုအရိပ်အငွေ့တို့ဖြင့် သင်းပျံ့သက်ဝင်နေမှသာ
Home ဆိုသော အိမ်တစ်လုံးဖြစ်လိမ့်မည်။ ထိုသို့သာဆိုလျှင် အချို့ငွေကြေးကြွယ်ဝသူတွေ အိမ်ဖြင့် မနေနိုင်ကြဟု ဆိုရမလားပင်မသိချေ။
Home sweet home သီရိဂေဟာလေးဖြစ်ဖို့က ငွေကြေးဖြင့် ဝယ်ယူမရနိုင်သော အခြားအရာတွေ အများကြီးလိုသည်။

No comments:
Post a Comment