Twitter Bird Gadget

Saturday, November 15, 2014

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်



 ‘‘အမေရိကန်သမ္မတ ရောက်ရှိ လာပါပြီ’’ဟူသည့် ကြေညာသံအဆုံးတွင် ကိုယ်ရံတော်ခြောက်ဦး အစီအရီ ခြံရံလျက် သမ္မတအိုဘားမားရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမသို့ ဝင်ရောက်လာသည်။
စကားပြောစင်မြင့်ဝဲယာကို သမ္မတအိုဘားမားက လက်ဝှေ့ ယမ်း၍ ‘မြန်မာနိုင်ငံ မင်္ဂလာပါ’ဟု နှုတ်ဆက်လိုက်ချိန်တွင် ‘မျက် လှည့်ပြသည်’၊ ‘အပြောင်းအလဲ ဟုတ်ရဲ့လား’ ‘ပြောင်းလဲမှုဟာ အတုအယောင်’ စသော အဓိပ္ပာယ်ရသည့် စာသားများပါသည့် စာ ရွက်များကို လူငယ်အချို့က သမ္မတမြင်သာအောင် ထောင်ပြ ကြသည်။
စာရွက်ပေါ်မှ စာသားများ ကို တစ်လုံးချင်းဖတ်ရင်း ‘‘ကျွန် တော်တို့ ဒီမှာ ဆိုင်းဘုတ်တွေ တွေ့ရပါတယ်။ အပြောင်းအလဲတဲ့။ နောက်ပိုင်းတော့ မေးခွန်းတွေ မေးနိုင်ပါတယ်။ ဒါကြောင့် မို့လို့ ဒီနေရာကို လာရောက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ဆန္ဒပြစရာတော့ မလိုပါဘူး’’ဟု အိုဘားမားက ပြောသည်။
အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှု စွမ်းဆောင်ရည် အစီအစဉ် (YSEALI)မှ လူငယ်များ အပါအဝင် စုစုပေါင်း ပရိသတ် ၄၀၀ ခန့်ကို ၁၅ မိနစ်ကြာ မိန့်ခွန်းပြောကြားရန် နိုဝင်ဘာ ၁၄ရက်က သမ္မတအိုဘားမား ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမသို့ ရောက်ရှိလာသည့် မြင်ကွင်းဖြစ် သည်။

‘‘ဒီနေ့ ဝန်ကြီးများရုံးကို သွားရောက်လေ့လာတဲ့အခါ မြန်မာပြည်မှာ ဒီမိုကရေစီရဲ့ ပြုပြင် ပြောင်းလဲရေးတွေကို တွေ့ခဲ့ရ တယ်။ ဗမာ၊ တရုတ်၊ အိန္ဒိယ၊ မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်တို့ အားလုံးမှာ အတူတကွ ငြိမ်းချမ်း စွာ နေထိုင်နေတဲ့ အထိမ်းအမှတ် တွေကို တွေ့ခဲ့ရတယ်။ မတူကွဲ ပြားမှုတွေ ပေါများတဲ့ ဒီတိုင်းပြည် မှာ အလားအလာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ကမ္ဘာတစ် လွှားကို သွားရောက်တဲ့အခါတိုင်း မှာ ခင်ဗျားတို့လို လူငယ်တွေနဲ့ တွေ့တဲ့အခါမှာ ကျွန်တော် လို ချင်တာက ခင်ဗျားတို့ဆီက မေး ခွန်းတွေပါပဲ။ ဘာကြောင့်လဲဆို ခင်ဗျားတို့က အနာဂတ်တိုင်းပြည်အတွက် အရေးကြီးတဲ့သူတွေဖြစ် လို့ပဲ’’ဟု အိုဘားမားက လူငယ် များကို မေးခွန်းများမေးရန် ဖိတ် ခေါ်ခဲ့သည်။
မိန့်ခွန်းတွင် လူကြိုက်အများ ဆုံးမှာ လူငယ်များ ဇွဲမလျှော့ဘဲ ရသည့် အခွင့်အရေးကို ဆုုပ်ကိုင် ၍ ကြိုးပမ်းသင့်သည်ကို မြန်မာ စကားပုံ ‘‘ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက်’’ကို မြန်မာဘာသာဖြင့် ပီပီသသ သုံးစွဲပြောကြားသွားသည်။ ထို့အပြင် စကားပုံကိုလည်း အင်္ဂလိပ်ဘာသာဖြင့် သမ္မတကဆက်လက်ရှင်းပြရာ လူငယ်များ၏ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သည်။

‘‘အဲဒီ စကားပုံကို သူပြော လိုက်တာ ကြားလိုက်တဲ့အခါ သူဟာ ငါတို့နိုင်ငံကို တော်တော် လေ့လာထားပါလား။ ငါတို့နှလုံး သားကို ထိစေမယ့် သတင်းစကား ကို လူကြီးတွေဆီက တစ်ဆင့် မသွားဘဲ လူငယ်တွေဆီကို တိုက် ရိုက်ပေးလိုက်တာ။ မင်းတို့လုပ် ရင် မင်းတို့ရမယ်။ ငါတို့က အ စွမ်းကုန် ကူညီပေးသွားမယ်ဆို တာကို သူက မင်းတို့တက်နိုင်ရင် အဖျားအထိ ရောက်ရမယ်လို့ သေချာရှင်းပြသွားသေးတာ။ အဲဒါ ကျွန်တော်တို့အတွက် အားအရမ်း ရှိတယ်’’ဟု ယခုဟောပြောပွဲတွင်တက်ရောက်ခွင့်ရသည့် YSEALI အဖွဲ့ဝင် ကိုစောထက်အောင်ခန့်က ပြောသည်။
လူငယ်များမှာ စွန့်ဦးတီထွင် စိတ်ရှိရန်၊ ပညာကြိုးစားသင်ယူ ပြီး ကိုယ့်နိုင်ငံပြန်လာသောအခါ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်း ကိုနိုင်တို့ကဲ့သို့ ခေါင်းဆောင်များ နှင့် လက်တွဲဆောင်ရွက်နိုင်သည့် အဆင့်ရောက်အောင် ကြိုးစားကြ ရန် တိုက်တွန်းသည်။

စိန်ရတုခန်းမအတွင်းတွင် YSEALI လူငယ်များအပါအဝင် အမေရိကန်ပြည်ထောင်စုသို့ ပညာတော်သင် လေ့လာရေးအ ဖြစ် စေလွှတ်ခံခဲ့ရသည့် လူငယ် ခေါင်းဆောင်များလည်း တက် ရောက်ခဲ့ကြသည်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား အပါအဝင် အာဆီယံနိုင်ငံအချို့မှ YSEALI လူ ငယ်များလည်း တက်ရောက်ခဲ့ပြီး အမေးအဖြေကဏ္ဍတွင် မေးခွန်း ခုနစ်ခုကို မြန်မာလူငယ်ခြောက်ဦး နှင့် ဖိလစ်ပိုင်လူငယ်တစ်ဦးတို့က မေးမြန်းခွင့်ရခဲ့သည်။

‘‘လူငယ်တွေအတွက် ဒီလို မျိုး အခွင့်အရေးတွေကို အမေရိ ကန် သမ္မတက ဖန်တီးပေးတယ်။ တွေ့ဆုံဖို့ခက်ခဲပြီး ကြားရခဲတဲ့ သူ့မိန့်ခွန်းတွေကို နားထောင်ခဲ့ရတဲ့ အတွက် သမီးတို့ရဲ့ ပညာသင် ကြားမှုမှာ၊ အသိုင်းအဝိုင်းမှာ နိုင်ငံအတွက် ဘယ်လိုမျိုး လှုပ်ရှားရ မယ်ဆိုတာ လူငယ်တစ်ယောက် အနေနဲ့ သိခွင့်ရလို့ အရမ်းကျေနပ် မိပါတယ်’’ဟု YSEALI အဖွဲ့ဝင် ချင်းတိုင်းရင်းသူ မဖလိုရာနန်ဇာ က ပြောကြားသည်။
မိန့်ခွန်းပြောအပြီး အမေး အဖြေကဏ္ဍ မစတင်မီ အပေါ် ဝတ် ကုတ်အကျႌကို ချွတ်ပစ်၍ လွတ်လပ်ပေါ့ပါးသည့် ဟန်အ ပြည့်ဖြင့် မေးခွန်းများကို ဖြေဆို သည်။ သမ္မတက မေးခွန်းများ မေးမြန်းရန် ပြောကြားလိုက်ရာ လူ ငယ်များကလည်း ပျော်ရွှင်တက် ကြွစွာ သူ့ထက်ငါ အလုအယက် လက်ထောင်ပြကြသည်။
မေးခွန်းမေးလိုသူထဲမှ ကျား၊မ အလှည့်ကျ ပုံစံရွေးချယ်ပြီး မေးခွန်းများ ဖြေဆိုသွားသည်။ ရခိုင်ဒေသတွင်း လူမျိုးရေးပြဿနာ များ ရှိနေချိန်တွင် ဒေသအတွင်း လူငယ်များကို ပညာရေးအခွင့် အလမ်းတွေ ဘယ်လိုပေးမလဲ၊ နိုင်ငံရေးပုံစံအမျိုးမျိုးရှိသည့် အာ ဆီယံ တိုင်းပြည်များ၏ စွမ်းဆောင်ရည်ကို အမေရိကန်က ဘယ်လို မြှင့်တင်မလဲဆိုသည့် မေးခွန်းများကို သမ္မတအိုဘားမားက ဖြေကြားသွားခဲ့သည်။

ကိုကျော်သူရဟိန်း သင်သာ မြန်မာပြည်ရဲ့ သမ္မတဖြစ်ခဲ့ရင် ဘယ်ကဏ္ဍကို အရင်ဆုံး တိုးတက်အောင် အာရုံစိုက်လုပ်ဆောင်မလဲဆိုသည့် မေးခွန်းကို သမ္မတအိုဘားမားရော တက်ရောက်လာသူများကပါ ဝိုင်းဝန်းသြဘာပေးခဲ့ကြသည်။

‘‘ကျွန်တော်သာဆိုရင် ဦးစားပေးလုပ်ချင်တာကတော့ လူတိုင်း လိုလိုလည်း ပြောနေကြတဲ့ကိစ္စ ပါ။ နံပါတ်(၁)က နောက်နှစ်မှာ ၂၀၁၅ ရွေးကောက်ပွဲကို သေချာ ကျင်းပမယ်။ နံပါတ်(၂)က အ ရပ်သားအစိုးရစစ်စစ် ဖြစ်သွားစေ ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စပါ။ နံပါတ်(၃)ကတော့ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်တဲ့၊ နိုင်ငံရေးအရ စည်းရုံးနိုင်ခွင့်ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းရမယ်။ ဒါတွေကိုလုပ်မှ မြန်မာပြည်က တိုးတက်မယ်’’ဟု ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်က မလေးရှား တက္ကသိုလ်တွင် YSEALI နှင့် အာ ဆီယံ ၁၀ နိုင်ငံမှ လူငယ် ၁၀ ဦးစီ တက်ရောက်ခဲ့သဖြင့် လူငယ် ပေါင်း ၄၀၀ ခန့်နှင့် သမ္မတတွေ့ဆုံခဲ့သည်။ ယခုနှစ်တွင် အာဆီယံတစ်နိုင်ငံမှ နှစ်ယောက်စီသာ ဖိတ်ကြားခဲ့ပြီး အများစုမှာ မြန်မာနိုင်ငံမှ လူငယ်များဖြစ်၍ သမ္မတအိုဘားမားနှင့် မြန်မာလူငယ်များ ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခွင့် အခွင့်အရေးကို ရခဲ့ကြောင်းလည်း ၎င်းကပြောသည်။

‘‘အာဆီယံက တက်တာ နည်းတဲ့အတွက် အာဆီယံ issue တော့ နည်းသွားတာပေါ့။ ဒါပေမဲ့ မြန်မာလူငယ်တွေအတွက် အခွင့် အလမ်း ပိုရခဲ့တယ်။ မေးခွန်းတွေ ကို လေးလေးစားစား ပွင့်ပွင့်လင်း လင်း ဖြေသွားပေးမယ်။ ဒီနေ့ တွေ့ဆုံပွဲက အမေရိကန်သမ္မတ ကြီးနဲ့ မြန်မာလူငယ်တွေ တစ် သွေးတစ်သားတည်းလိုပဲ ခံစားရ တယ်’’ဟု ကိုစောထက်အောင် ခန့်က ပြောသည်။

သမ္မတအိုဘားမား ပြော ကြားသွားသည်များအနက် အ ရှေ့တောင်အာရှ လူငယ်များကို အမေရိကန်ပြည်ထောင်စု တက္က သိုလ်များတွင် ပညာသင်ကြားခွင့် ရစေရန် ဆောင်ရွက်ပေးမည်ဆို ခြင်းကို အကြိုက်ဆုံးဖြစ်ကြောင်း မဖလိုရာနန်ဇာက ပြောသည်။

‘‘အရမ်းကို ပွင့်လင်းဖော်ရွေ မှု ရှိပါတယ်။ လူငယ်တွေကို အ ရမ်း အခွင့်အရေး ပေးတယ်လို့ မြင်တယ်။ နားလည်မှုရှိတယ်လို့ မြင်ပါတယ်။ အခုလို မိန့်ခွန်းတက် ရောက် နားထောင်ခွင့်ရတဲ့အ တွက် အခြားလူငယ်တွေကိုလည်း YSEALI member ဝင်ဖို့အတွက် လမ်းကြောင်းပေးမှာပါ။ ဒီလို အ ခွင့်အရေးမျိုးကို လက်မလွှတ်ဖို့ တိုက်တွန်းအားပေးမှာပါ’’ဟု ၎င်း ကဆိုသည်။

ထို့အပြင် ပညာရေးစနစ် ကို ပြုပြင်ပြောင်းလဲသည့်အခါ ကျောင်းသားများကိုယ်တိုင်က သင်ရိုးညွှန်းတမ်းကို Develop လုပ်နိုင်သည့် အခွင့်အရေးမျိုး တိုက်တွန်းပြောကြားသွားခြင်းကို ကြို ဆိုကြောင်း မကြည်ပြာချစ်စောက ပြောသည်။

‘‘ အရင် ရန်ကုန် တက္ကသိုလ်် ဘွဲ့နှင်းသဘင်ခန်းမမှာလည်း မိန့်ခွန်းနားထောင်ဖူးပါတယ်။ ဒီတစ်ခေါက်ကတော့ သမ္မတကြီးက အရမ်းနွေးထွေးပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ အမေရိကန်ဆီက အထောက်အပံ့တွေရဖို့ မျှော်လင့်ပါတယ်။ ပညာတော်သင်တွေ ပိုရဖို့၊ ဒီက တက္ကသိုလ်တွေမှာ အမေရိကန်က Joint Program တွေ လာဖွင့်ဖို့ မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

အိုဘားမား၏ ပြောကြား ချက်များအနက် တန်းတူညီမျှရှိမှု နှင့် နိုင်ငံသားစရိုက်လက္ခဏာကို သဘောကျ ကျေနပ်မိကြောင်း ကရင်တိုင်းရင်းသား ကိုယ်စားပြု တက်ရောက်သည့် ကိုဟန်စိန်က ပြောသည်။

‘‘ဒီပွဲကို ဖိတ်ကြားခြင်းခံရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ မိန့်ခွန်းတစ်ခုလုံးကို သဘောကျ ပါတယ်။ National Identity ကို ပြောတာ ကျွန်တော် သဘောကျ ပါတယ်။ ကိုယ်တိုင် တိုင်းရင်း သားဖြစ်နေလို့ မဟုတ်ပါဘူး။ အားလုံးကို တန်းတူအခွင့်အရေး ရစေချင်တဲ့ သဘောပါ။ အခုဆို အမေရိကန်သမ္မတကြီးက ရင်းနှီး နွေးထွေးတဲ့ တွေ့ဆုံပွဲလုပ်ပေးလို့ ဝမ်းသာပါတယ်’’ဟု ၎င်းကပြော သည်။

အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှု စွမ်းရည်အစီအ စဉ်မှာ အမေရိကန်သံရုံးများ၏ အထောက်အပံ့ဖြင့် ပြည်ပ ပညာ တော်သင် သွားရောက်ကြသည့် လူငယ်များ စုစည်းထားခြင်းဖြစ် ပြီး ယခုအခါ ဒေသတွင်းမှ လူ ငယ်များ အချင်းချင်း ပေါင်းစည်း ချိတ်ဆက်ထားသည့် အစီအစဉ် တစ်ခုလည်း ဖြစ်သည်။ အိုဘား မားမှာ ၂၀၁၃ မှစ၍ YSEALI လူ ငယ်များနှင့် စတင်တွေ့ဆုံခဲ့ပြီး ယခုမြန်မာနိုင်ငံတွင် ဒုတိယအ ကြိမ် တွေ့ဆုံခြင်းလည်း ဖြစ် သည်။

အိုဘားမားက လူငယ်များ နှင့် တစ်နာရီခန့်ကြာ တွေ့ဆုံပွဲအ ပြီးတွင် လုံခြုံရေးကို အထူးအ လေးထားသည့် စူပါပါဝါ အမေရိ ကန်နိုင်ငံ၏ သမ္မတက တက် ရောက်လာသည့် လူငယ်အားလုံး နီးပါးကို လိုက်လံတွေ့ဆုံကာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ အမေရိကန်သမ္မတ၏ လာရောက်နှုတ်ဆက်ခြင်းကို ကြံုတွေ့ခံစားရသည့် လူငယ်များက ပျော်ရွှင်စွာ ဟစ်အော်၍ အိုဘားမားနာမည်နှင့် ၎င်းတို့၏ အစီအစဉ် YSEALI (ဝိုင်စီလီး)အမည်ကို ဟစ်အော်နှုတ်ဆက်ခဲ့ကြသည်။

စိန်ရတုခန်းမတွင် သမ္မတအိုဘားမား ပြောကြားခဲ့သော မိန့်ခွန်းကို အိုဘားမားအတွက် ခုနစ်နှစ်တိုင်အောင် မိန့်ခွန်းများ ရေးသားပေးခဲ့သော Cody Keenan က ရေးသားပေးခဲ့ခြင်းဖြစ်ပြီး မိန့်ခွန်းပါ ‘ငုပ်မိသဲတိုင် တက်နိုင်ဖျား ရောက်’ဟူသည့် မြန်မာစကားကို အသံထွက်နိုင်ရန် ရန်ကုန်မြို့ အမေရိကန်သံရုံးမှဝန်ထမ်းတစ်ဦး၏အကူအညီယူခဲ့သည်။

                    #####################################

No comments:

Post a Comment