Twitter Bird Gadget

Monday, August 11, 2014

လွတ်လပ်ခြင်း

 ကျွန်ုပ်သည် လွတ်လပ်မှုကို ငတ်မွတ်တောင့်တလျက် မွေးဖွားလာခဲ့သူ မဟုတ်ပါ။ လွတ်လပ်စွာ မွေးဖွားလာခဲ့သူ ဖြစ်ပါသည်။ ကျွန်ုပ် စဉ်းစားမိသမျှ နည်းမျိုးစုံ လွတ်လပ်ခဲ့သည်။ မိခင်ဖြစ်သူ၏ တဲအိမ်အနီးက ကွင်းပြင်များထဲတွင် လွတ်လွတ်လပ်လပ် ပြေးလွှွှားနိုင်ခွင့် ရှိခဲ့သည်။  ရွာကို ဖြတ်သန်း စီးဆင်းနေသော ရေကြည်စမ်းချောင်းအတွင်း လွတ်လွတ်လပ်လပ် ကူးခတ်နိုင်ခွင့်လည်း ရှိခဲ့သည်။ ကြယ်စုံ လင်းလက်သော ကောင်းကင်အောက်မှာ   လွတ်လွတ်လပ်လပ် ပြောင်းဖူး ဖုတ်စား နိုင်ခွင့်လည်း ရှိခဲ့သည်။ တလှမ်းချင်း သွားနေသော ကျွဲနွားတို့၏ ကျောကုန်းပြင်ကျယ်ပေါ်မှာ လွတ်လွတ်လပ်လပ် တက်စီးနိုင်ခွင့်လည်း ရှိခဲ့သည်။ ဖခင်ဖြစ်သူ၏ စကားကို နားထောင်သရွေ့၊ လူမျိုးစု ဓလေ့ထုံးတမ်းများကို လိုက်နာသရွေ့ လူတို့ သတ်မှတ်ထားသည့်  ဥပဒေအရသော် လည်းကောင်း

ဘာသာရေးက ပြဋ္ဌာန်းထားသည့်  စည်းမျဉ်းစည်းကမ်းအရသော်လည်း ပြဿနာတက်ခြင်း မရှိခဲ့ပေ။

သို့သော် ကလေးဘဝ၏လွတ်လပ်မှုသည် လွတ်လပ်မှုအစစ်မဟုတ်ဘဲ မိမိဖာသာ လွဲမှားထင်မြင် ထားချက်မျှသာ ဖြစ်သည်ဟု သိမြင်လိုက်သောအချိန်နှင့် လူငယ်လူရွယ်တဦး အဖြစ်ဖြင့် မိမိ၏ လွတ်လပ်မှုသည် လုယူခံနေရလေပြီဟု သိမြင်လိုက်သော အချိန်တို့တွင်ကား လွတ်လပ်မှုကို စတင် ငတ်မွတ်တောင့်တမိတော့သည်။

ပထမဆုံးအားဖြင့် ကျောင်းသားဘဝတွင် လွတ်လပ်မှုကို စတင်တောင့်တခဲ့ပါသည်။ သို့သော် ယင်းတောင့်တမှုမှာ မိမိတကိုယ်တော်အတွက်သာ တောင့်တခဲ့ခြင်း ဖြစ်သည်။ ညအချိန် အပြင် ထွက်နိုင်သည့် လွတ်လပ်မှုမျိုး လိုချင်သည်။ ကိုယ်ဖတ်ချင်သည့်စာ ဖတ်နိုင်သည့် လွတ်လပ်မှုမျိုး ရချင်သည်။ ကိုယ်သွားချင်သည့်နေရာကို သွားနိုင်သည့် လွတ်လပ်မှုမျိုး ရှိချင်သည်။ စင်စစ် ယင်း လွတ်လပ်မှုများမှာ ခဏပန်း လွတ်လပ်ခွင့်များသာ ဖြစ်သည်။

ဂျိုဟန်နစ္စဘာ့ဂ်မြို ့တော်တွင် ပြောင်းရွှွေှ ့နေထိုင်ရသည့် လူငယ်တယောက်အဖြစ်နှင့်ကား အခြေခံကျ၍ ဂုဏ်သိက္ခာရှိသော လွတ်လပ်မှုများကို လိုချင်တောင့်တလာတော့သည်။ မိမိစွမ်းရည် စွမ်းအားကို ထုတ်ဖော်နိုင်ခွင့်ရှိသည့် လွတ်လပ်မှုမျိုး၊ စားဝတ်နေရေးအတွက် ထိုက်တန်သည့် အသက်မွေးဝမ်းကျောင်းကို လုပ်ခွင့်ရှိသည့် လွတ်လပ်မှုမျိုး၊ အိမ်ထောင်ပြုပြီး မိသားစု ထူထောင်နိုင်ခွင့် ရှိသည့်လွတ်လပ်မှုမျိုး၊ တရားဥပဒေနှင့် အညီ နေသော လူတယောက်အတွက် အနှောင့်အယှက်ကင်းကင်း နေထိုင်ခွင့်ရှိသည့် လွတ်လပ်မှုမျိုး အစရှိသည့် လွတ်လပ်မှုများကို လိုချင် တောင့်တခဲ့ခြင်း ဖြစ်သည်။

ထို့နောက်သော်ကား မလွတ်လပ်သည့်သူမှာ ကျွန်ုပ်တဦးတည်း မဟုတ်ဘဲ ကျွန်ုပ်၏ ညီအကို မောင်နှမများလည်း မလွတ်လပ်ကြပါလားဟု တစစ သိမြင်လာတော့သည်။ ကျွန်ုပ်၏ လွတ်လပ်မှုသည်သာ ဖြတ်တောက်ခံရသည်မဟုတ်ဘဲ လူတိုုင်း၏ လွတ်လပ်မှုလည်း ဖြတ်တောက်ခံနေရပါလားဟု သိမြင်လာသည်။ လူတိုင်းကလည်း ကျွန်ုပ်မြင်သကဲ့သို့ပင် မြင်နေကြသည်ဟု သိလာသည်။

ယင်း အသိအမြင်သည် အာဖရိကအမျိုးသားကွန်ဂရက်ပါတီသို့ ဝင်ရောက်ပြီးသည့် နောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တကိုယ်တော်လွတ်လပ်မှုအား လိုချင် တောင့်တခြင်းသည် ပြည်သူလူထု၏ လွတ်လပ်မှုအား လိုချင်တောင့်တခြင်းအဖြစ်သို့ ပြောင်းလဲသွားသည့်အချိန်တွင် ယင်း အသိအမြင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြည်သူလူထုအား ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိရှိ နေထိုင်နိုင်သည့် လွတ်လပ်မှုမျိုး ရရှိစေချင်သော ယင်းဆန္ဒသည်ပင် ကျွန်ုပ်၏ ဘဝကို သက်ဝင်လှုပ်ရှားစေခဲ့ခြင်း ဖြစ်သည်။ ယင်းဆန္ဒကပင် ကြောက်လန့်တတ်သော လူငယ်တယောက်ကို ရဲဝံ့သော လူတယောက် အဖြစ်သို့ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ တရားဥပဒေ လေးစား လိုက်နာတတ်သော ရှေ့နေတယောက်ကို တရားဥပဒေ ချိုးဖောက်တတ်သော ရာဇဝတ်သား တယောက်အဖြစ်သို့ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ မိသားစုအပေါ် ချစ်ခင်တွယ်တာသော လူတယောက်ကို အိုးမဲ့အိမ်မဲ့လူတယောက်အဖြစ်သို့ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ လူတွေကြားမှာ ပျော်ပျော်ကြီး နေထိုင်တတ်သော လူတယောက်ကို ဧကစာရီကျင့်သော ရသေ့ ရဟန်းတပါးအဖြစ်သို့ ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။

အကျင့်သိက္ခာအရာတွင် လည်းကောင်း၊ စွန့်လွှွှတ်အနစ်နာခံမှုတွင် လည်းကောင်း ကျွန်ုပ်သည် အခြားလူတယောက်ထက် သာလွန်ခြင်းမရှိပါ။ သို့သော် ကျွန်ုပ်၏ ပြည်သူလူထုသည် လွတ်လပ်မှုနှင့် ကင်းဝေးနေသည်ဟု သိနေသောအချိန်တွင်ကား မိမိအပေါ် ခွင့်ပြုထားသည့် အနည်းအကျဉ်း လွတ်လပ်မှုများကိုပင် ကျွန်ုပ် ခံစားနိုင်ခြင်း မရှိတော့ပါ။

လွတ်လပ်မှုဟူသည်ကား ခွဲခြားပိုင်းကန့်၍ ရနိုင်သော အရာမဟုုတ်။ ပြည်သူတယောက် အပေါ်တွင် ချည်နှောင်ထားသော နှောင်ကြိုးများသည် ပြည်သူတရပ်လုံးအပေါ်တွင် ချည် နှောင်ထားသော နှောင်ကြိုးများပင် ဖြစ်သည်။ ပြည်သူတရပ်လုံးအပေါ်တွင် ရှိနေသော နှောင်ကြိုးများသည် ကျွန်ုပ်အပေါ်တွင် ရှိနေသော နှောင်ကြိုးများပင် ဖြစ်သည်။

အကျဉ်းထောင်ထဲ၌ မိမိတဦးတည်း နှစ်ပေါင်းများစွာ နေထုုိင်ခဲ့ရသော ကာလအတွင်းတွင် မိမိ၏ ပြည်သူလူထုအတွက် လွတ်လပ်မှုကို ငတ်မွတ်တောင့်တချက်သည် အသားဖြူ၊ အသားမဲ လူသားအားလုံးအတွက် လွတ်လပ်မှုကို ငတ်မွတ်တောင့်တချက်အဖြစ်သို့ ပြောင်းလဲသွားတော့ သည်။

ချုပ်ချယ်သူသည်လည်း ချုပ်ချယ်ခံရသူကဲ့သို့ပင် လွတ်လပ်မှု လိုအပ်သည်ဟု ကျွန်ုပ် သိမြင်လာသည်။ အခြားလူတယောက်၏ လွတ်လပ်မှုကို လုယူသည့် သူသည် အမုန်းတရား၏ အကျဉ်းသား ဖြစ်နေသည်။ သူသည် မနာလိုဝန်တိုခြင်းနှင့်  စိတ်ဓာတ်သေးသိမ်ခြင်း  ဟူသော သံတိုင်တို့နောက်တွင် အကျဉ်းကျ ခံနေရခြင်း ဖြစ်သည်။ မိမိ၏ လွတ်လပ်မှုကိုု အလုယူခံရ သူသည် လွတ်လပ်မှု မရှိသကဲ့သို့ပင်  လွတ်လပ်မှုကို လုယူသူသည်လည်း လွတ်လပ်မှုနှင့် ကင်းဝေး နေရသည်။ ချုပ်ချယ်သူရော၊ ချုပ်ချယ်ခံရသူပါ သူတို့တွင်ရှိသော လူ ့ဂုဏ်ရည်သိက္ခာကို အလုယူခံနေရသည်။

အကျဉ်းထောင်မှ လွတ်မြောက်သောအခါ ကျွန်ုပ်၏ ရည်မှန်းချက်မှာ ချုပ်ချယ်သူများရော၊ ချုပ်ချယ်ခံရသူများပါ အားလုံး လွတ်လပ်မှု ရအောင် ကြိုးပမ်းရေး ဖြစ်လာသည်။ ယခုအချိန်တွင် ယင်း ရည်မှန်းချက် အောင်မြင်ပြီဟု တချို ့က ဆိုကြသည်။ ကျွန်ုပ်ကတော့ မအောင်မြင်သေးဟု မြင်နေပါသည်။ အမှန်စင်စစ် ကျွန်ုပ်တို့ မလွတ်လပ်ကြသေးပါ။ လွတ်လပ်မှု ရအောင် လုပ်နိုင်ခွင့်ကို ရနေ ခြင်းမျှ ဖြစ်သည်။ ချုပ်ချယ်မှုမှ ကင်းလွတ်ခွင့်ကို ရနေခြင်းမျှသာ ဖြစ်သည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လျှောက်လမ်းနေသော ခရီးရှည်ကြီး၏ နောက်ဆုံးပန်းတိုင်ကို ခြေမချနိုင်သေးပါ။ ပိုမို ဝေးလံ၍ ပိုမို ခက်ခဲကြမ်းတမ်းသော ခရီးရှည်ကြီးအတွက် ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခြင်းမျှသာ ဖြစ်သည်။ လွတ်လပ်ခြင်းဟူသည်မှာ မိမိအပေါ်တွင် ချည်နှောင်ထားသည့် နှောင်ကြိုးများကို ဖြည်ချဖြတ်တောက်ခြင်းမျှ မဟုတ်ပါ။ လွတ်လပ်ခြင်း ဟူသည်မှာ အခြားသူတို့၏ လွတ်လပ်မှုကို လေးစားမြှင့်တင်ပေးသော ဘဝတွင် နေထိုင်နိုင်ခြင်း ဖြစ်သည်။

လွတ်လပ်မှုကို ကျွန်ုပ်တို့ အဘယ်လောက်အထွတ်အမြတ်ထားသည် ဟူသော အချက်အပေါ် စမ်းသပ်မှုသည် ယခုမှ အစ ရှိပါသေးသည်။

ကျွန်ုပ်သည် လွတ်လပ်မှုသို့ ဦးတည်သော ခရီးရှည်ကြီးကို လျှောက်လမ်းခဲ့သည်။ ခရီးရှည်ကြီးတလျှောက် ခလုတ်မထိ ဆူးမငြိရန်၊  ခြေလှမ်းမမှားရန် ကြိုးစားခဲ့ပါသည်။ သို့သော် လွတ်လပ်မှုသို့ ခရီးရှည်ကြီးကို လျှောက်လှမ်းရင်း လျှို့ဝှက်ချက်တခုကို တွေ့ရှိခဲ့သည်။ တောင်မြင့်တလုံး၏ ထိပ်သို့ရောက်လျှင် နောက်ထပ် တက်စရာ တောင်မြင့်များစွာကို မြင်ရလိမ့်မည်ဟူသော လျှို့ဝှက်ချက် ဖြစ်သည်။

ယခုအချိန်ကား ကျွန်ုပ်အဖို့ ခေတ္တခဏ အနားယူချိန် ဖြစ်သည်။ ကျွန်ုပ်၏ ပတ်ပတ်လည်တွင် တည်ရှိသော အလွန်တင့်တယ်လှပသည့် ရှုမြင်ကွင်းကို ကြည့်ဖို့၊ မိမိ ဖြတ်သန်းလာခဲ့သော ခရီးအကွာအဝေးကို ပြန်လှည့်ကြည့်ဖို့ အနားယူခြင်းမျှ ဖြစ်သည်။ ကျွန်ုပ်အဖို့ ခေတ္တခဏသာ အနားယူနိုင်ပါမည်။ လွတ်လပ်မှုနှင့်အတူ တာဝန်ယူမှုလည်း ပါလာသည်ဖြစ်ရာ ကျွန်ုပ်အနေနှင့် အကြာကြီး မနားနိုင်ပါ။ ခရီးရှည်ကြီး မဆုံးသေးပါလေ။     ။

(Nelson Mandela  ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ Long Walk to Freedom စာအုပ်၏ နောက်ဆုံးအခန်း Freedom မှ ကောက်နုတ်ပြန်ဆိုပါသည်။)

ဘာသာပြန်သူ- မောင်သာမည
                                                 @@@@@@@@@@@

                                        

No comments:

Post a Comment