Twitter Bird Gadget

Monday, July 7, 2014

ဂမ္ဘီရကြိုင််ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)






ဇင်ယော်ဖြူ

(Zaw Wonn Maung ဖေ့စ်ဘွတ်ခ်မှ ကူးယူဖော်ပြပါသည်။)

‘ကလင် … ကလင် … ကလင်…’

‘ဟယ်လို … စခန်းမှူး ကိုမင်းမောင်လား … အခုပဲ ရဲချုပ်က ခင်ဗျားကို သူ့ရုံးခန်း လာခဲ့ပါလို့ ခေါ်နေတယ်’

‘အေးဗျာ လာတာပေါ့’ ဟုပြောပြီး ကိုမင်းမောင်က တယ်လီဖုန်းပြန်ချပြီးနောက် သူ့ရဲ ့ကုတ်အင်္ကျီထဲက စီးကရက်ဗူးကို ထုတ်၍ စီးကရက်တစ်လိပ်ကို မီးခြစ်ပေါ် ဆေးသားညီအောင် ခေါက်ပြီး မီးညှိဖွာရှိုက်လိုက်ပါတယ်။ ကိုမင်းမောင်က သူသောက်လက်စ စီးကရက်ကို သူ့ရဲ ့နှုတ်ခမ်းမှာ တေ့ဖွာရှိုက်ပြီး လွမ်းမောခြင်းနဲ့အတူ ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်တယ်။

အမှုမှာ နှစ်အတော်ပင် ကြာခဲ့လေပြီ။ မည်သူမျှ အမှုမှန် မဖော်နိုင်သေးပါ။ မဖော်နိုင်သေးသည်မဟုတ်၊ မဖော်ထုတ်ရဲသေးတာပါ။

အချိန်က ၂၀၀၈ ခုနှစ် မတ်လ ၃ ရက် ငါးလောင်းပြိုင်လူသတ်မှု ရန်ကုန်မြို့လည်ခေါင်တွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ ဖြစ်ပွားပုံမှာ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ဆိုသော သတင်းပင် ဖြစ်သည်။

‘အင်း … အမှုကတော့ နက်နဲလာပြီ ကိုသန်းအောင်ရေ … ကျွန်တော်တို့ ဒလဘက်ကို သွားကြရအောင်ဗျာ’ ဟု ရဲတပ်ကြပ်ကြီး ကိုသန်းအောင်ကို ခေါ်လေသည်။ ရဲတပ်ကြပ်ကြီး ကိုသန်းအောင်မှာလည်း အံ့အားသင့်သွားလေသည်။ ခုကလေးတင် ရဲချုပ်ရုံးမှ ဖုန်းလာသည်။ ဒလဘက်သွားမည်ဟု ဆိုသော စခန်းမှူး ကိုမင်းမောင်အား စဉ်းစားမရအောင်ပင် ဖြစ်မိပါသည်။

"ကိုသန််းအောင်ရေ … ကျနော်တို့ သမိုင်းဝင် ဓနုတ်စေတီတော်နားမှာပဲ ဆင်းရအောင် ဘုရားအရင်ဝင်ဖူးမယ်ဗျာ"

ကျနော်တို့ ဒလ တဘက်ကမ်းမှ စီးလာတဲ့ အငှားကားသည် သမိုင်းဝင် ဓနုတ်စေတီအနီးတွင် ရပ်ပေးလိုက်သည်။ ကျနော်နဲ့ ကိုမင်းမောင်လည်း ကားပေါ်က ဆင်းလိုက်ကြသည်။

"လာဗျိုး ကိုသန််းအောင်ရေ … သံဃာတော်တွေတော့ ရောက်ပြီး ရွတ်ဖတ်နေလောက်ပြီဗျ"

ပြောပြောဆိုဆို ကျနော်နဲ့ ကိုမင််းမောင် သမိုင်းဝင် ဓနုတ်စေတီ အနောက်ပေါက်ကနေ ခတ်သွက်သွက် ဝင်လာခဲ့ကြတယ်။ ကျွနု်ပ်မှာ တလမ်းလုံး မြိုသိပ်လာခဲ့ရသမျှ မနေနိုင်တော့ “နေပါဦး ကိုမင်းမောင်ရ … ခင်ဗျား အခု ဘုရားဖူးလာတာလား ရဲချုပ် ဖုန်းဆက်ထားတယ်လေ”

ကျွနု်ပ်မှာ မည်သို့မျှ ဆက်စပ်၍ တွေးမရတော့သည့် နောက်ဆုံးတွင် မေးလိုက်မိလေသည်။ “အင်း … ဒီလိုဗျ … ဓနုတ်စေတီတော်ကြီးကို ရှေးဘုရင်အဆက်ဆက်က ထိန်းသိမ်းခဲ့ပြီး ဒေါ်ကြိုင်ကြိုင်က နန်းသက်ဆက်ရန် ယတြာချေတဲ့အနေနဲ့ ထီးတင်ခဲ့တာလေ။ ဆိုလိုတာကဗျာ အဲဒီစေတီတော်ကြီးကို ဘုရင်မကြီး ရှင်စောပုကိုယ်တိုင် ပြုပြင်ထိန်းသိမ်းခဲ့ဖူးတဲ့အတွက် ဒေါ်ကြိုင်ကြိုင်ကလည်း ဘုရင်မတပါးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ပြီး ထီးတော်တင်ခဲ့တာပေါ့။ အဲဒီမှာ ဇာတ်လမ်းက စတာပဲဗျို့…။ ခင်ဗျား ဇာတ်ရည်လည်အောင် ဒေါ်မကြိုင်အကြောင်းကပဲ စရှင်းပြရတော့မှာပဲဗျို့ …။



ဒေါ်မကြိုင်(ခ) ဒေါ်ကြိုင်ကြိုင်

ဒေါ်ကြိုင်ကြိုင်သည် ကရင်ပြည်နယ် ဘားအံမြို့ ဆင်းရဲသော မိဘများမှ မွေးဖွားခဲ့သူ၊ ဖားအံနဲ့ သထုံမြို့ကြားက ရွှေကုန်းဒေသသူ ပအို့ဝ်၊ တရုတ်ကပြားပအို့ဝ်လူမျိုး ဗေဒင်လက္ခဏာ ယတြာကို အထူးယုံကြည် ကိုးကွယ်သူဖြစ်ပါတယ််။ ဒေါ်ကြိုင်ကြိုင်ဟာ သူ့ခင်ပွန်းဟောင်းက တိုက်ပွဲကျသွားပြီးတဲ့နောက်မှာမှ ဗိုလ်သန်းရွှေနဲ့ ရခဲ့တာဖြစ်ပါတယ်။ အရင်အိမ်ထောင်နှင့် သားတယောက် ထွန်းကားဖူးပါတယ်။

ဗိုလ်သန်းရွှေ တပ်မတော်အရာရှိငယ်ဘဝက အစိုးရမှပေးသော တိုက်ခန်းငယ်လေးတွင် သားသမီး ၈ ယောက်နှင့်အတူ နေထိုင်ခဲ့ရပါတယ််။ သာမန်အရာရှိငယ်များထက်စာလျှင် သားသမီးများခြင်းကြောင့် နေထိုင်စားသောက်ရေး များစွာ ကျပ်တည်းခဲ့ရပါတယ်။ အဲဒီအချိန်က ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင် ကိုယ်တိုင် စက်ချုပ်ပြီး အပိုဝင်ငွေ ရှာခဲ့ရပါတယ််။ မိသားစုဝင်များမှာ ထွန်းနိုင်ရွှေ (ဒေါ်ကြိုင်ကြိုင်၏ ပထမအိမ်ထောင်မှ )၊ ကြိုင်သန်းရွှေ (သား) ခင်ပြုံးရွှေ (သမီး)၊ ကြည်ကြည်ရွှေ (သမီး)၊ အေးအေးသစ်ရွှေ (သမီး)၊ သန္တာရွှေ (သမီး)၊ သန့်ဇော်ရွှေ (သား) တို့ဖြစ်ကြပါတယ််။ ဗိုလ်သန်းရွှေ၏ သားအငယ်ဆုံး ဘိုးတော်သန်းဇော်ရွှေ မွေးဖွားပြီးနောက် ရာထူးတက်ပြီး လာဘ်လာဘများ တိုးတက်လာသဖြင့် အကျိုးပေးသော သားဟုဆိုပြီး ဘိုးတော်သန်းဇော်ရွှေ ပြောသမျှကို ဒေါ်ကြိုင်ကြိုင်မှ ဗိုလ်သန်းရွှေအား နောက်ကွယ်မှ ကြိုးကိုင်ပြီး ခိုင်းပါတော့တယ််။

၁၉၈၂၊ ၈၃ ခန့် ဗိုလ်သန်းရွှေ အနောက်တိုင်းစစ်ဌာနချုပ် ဧရာဝတီတိုင်း တိုင်းမှူးတာဝန်ထမ်းဆောင်နေစဉ် ဒေါ်ကြိုင်ကြိုင်အား အကြားအမြင်ရ ပအို့ဝ်အမျိုးသမီးတစ်ဦးမှ မိဖုရားဖြစ်မည်ဟု ပြောခဲ့ဘူးပါတယ််။ အဆိုပါ တိုက်ဆိုင်မှုဟာ ဒေါ်ကြိုင်ကြိုင်မှ မောင်သန်းရွှေအား ဗေဒင်လက္ခဏာ ယတြာများအရ ဝင်ရောက်စွက်ဖက်မှု များလာရပါတယ််။ မောင်သန်းရွှေကိုယ်တိုင် ဒေါ်ကြိုင်ကြိုင် ခိုင်းသည့် ယတြာများကို ငြင်းပယ်ခြင်းမရှိခဲ့ပါ။ အဆိုပါ တိုက်ဆိုင်မှုဟာ ဗိုလ်သန်းရွှေရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စစ်ရည်စစ်သွေးတွေကိုတော့ မမြင်ခဲ့ကြရပေမယ့် သူက တဖြည်းဖြည်းနဲ့ ရာထူး တက်လာခဲ့ပါတယ်။

ဧရာဝတီတိုင်း (အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ) တိုင်းမှူး ဖြစ်လာတော့ အသက် ၅၀ ပဲ ရှိပါသေးတယ်။ ၁၉၈၃ ခုနှစ်မှာ တိုင်းမှူးဖြစ်လာခဲ့တာပါ။ ၁၉၈၃ မှာ နခတ တိုင်းမှူးနဲ့ ဧရာဝတီတိုင်းရဲ့ ဒေသပါတီကော်မတီ ဥက္ကဌရာထူးတွေပါ ချီးမြှင့်ခံရပြီး ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ တိုင်းမှူးဘဝကနေ ၁၉၈၅ ခုနှစ်မှာ ဒု-စစ်ဦးစီးအရာရှိချုပ်နဲ့ ဒု-ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခံရပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။

ဒေါ်မကြိုင်ရဲ့ ယတြာ ကောင်းလို့ပဲလား မသိ၊ ဗိုလ်သန်းရွှေဟာ အသက် ၅၂ နှစ်မှာ ရာထူးအဆင့် ၂ ဆင့် ခုန်တက်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အပေါ်မှာ မဆလတပ်ရဲ့ ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ မကျေနပ်မှုတွေတောင် ဖြစ်ပေါ်လာခဲ့ရပါတယ်။ ၁၉၉၂ ဧပြီ ၂၃ ရက်မှာတော့ န.ဝ.တ ဥက္ကဌ ဖြစ်လာပြီး နိုင်ငံတော်အာဏာဟာ သူ့လက်ထဲ ရောက်ရှိခဲ့ပါတော့တယ်။

၁၉၉၅၊ ၉၆ ခနှစ်လောက်က စပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် နီးစပ်သော အသိုင်းအဝိုင်းနှင့် နက္ခတ္တဗေဒပညာရှင် အသိုင်းအဝိုင်းမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ယခင်ဘဝများက ကျောက်ဆည်တွင် ဆည်များ တည်ခဲ့သော သာလွန်မင်းတရားကြီး ဖြစ်ခဲ့သလို ဒေါ်ကြိုင်ကြိုင်သည်လည်း မိဘုရားခေါင်ကြီး ဖြစ်ခဲ့သည်ဟု သတင်းများ ပြန့်နှံ့ခဲ့သည်များ ရှိခဲ့ပါတယ််။ အဲဒီအချိန်မှစပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအတွင်း ဒေါ်ကြိုင်ကြိုင်ကို မယ်တော်ကြီး ခေါ်ဆိုရမည်ဖြစ်ပြီး သားသမီးများအား သားတော် သမီးတော်ဟု ခေါ်ဆိုရမည်ဟု နှုတ်မိန့်များ ထွက်လာခဲ့ပါတယ််။ ဗိုလ်ချုပ်သန်းရွှေနေအိမ်ကိုလည်း ရှေးဘုရင်များကဲ့သို့ အဆင်အပြင်များ ဆင်ယင်ပြီး နေထိုင်ခဲ့ပါတယ််။ ဗေဒင်လက္ခဏာ ယတြာများကို ဒေါ်ကြိုင်ကြိုင် အလိုအရ အားလုံးစီမံခွင့်ရှိပါတယ််။

အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းဆိုရင် အရင်ဆုံး အခန်းဝမှာ ရောက်ကတည်းက ဒူးထောက်လိုက်ပါတယ််။ ပြီးမှ ဒူးနဲ့ လမ်းလျှောက်သွားကာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင် ခြေထောက်ကို ကိုင်ပြီး နဖူးနှင့်ထိ၍ ကန်တော့ပါတယ််။ ပြီးမှ နောက်ကိုဆုတ်ပြီး ကော်ဇောတွင် ကြုံ့ကြုံ့လေး ထိုင်ကြောင်း သိရပါတယ််။ အဲဒီအချိန်လောက်က စပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ယခင်ဘဝက ကျောက်ဆည်မှ သာလွန်မင်းတရားကြီး ဝင်စားသည်ဆိုပြီး ဇာတ်လမ်းတွေ စခဲ့တာ အခုထက်ထိလို့ ပြောရပါမည်။ ယတြာတွေ အမျိုးမျိုးလည်း ချေခဲ့ကြပါတယ််။ ဘုရားတည်ခြင်းကိစ္စများ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မျက်နှာပုံနှင့် ကျောက်စိမ်းဆင်းတု ထုလုပ်ပြီး ရွှေတိဂုံဘုရားတွင် ထားခြင်း၊ ညဘက်တွင် ၉ မိုင် တောင်ကုန်းပေါ်ရှိ ဆင်ဖြူတော် စီးခြင်း အစရှိသည့် ယတြာများအပြင် အရေးကြီးသည့် နေ့ရက်များကို ဗေဒင် နက္ခတ် အလိုအရ နောက်ကွယ်မှ ဒေါ်ကြိုင်ကြိုင်သည် သန်းရွှေအား ကြိုးကိုင်နိုင်ခဲ့ပါတယ််။

ဆင်ဖြူတော်ကို တစ်နာရီ တစ်ကြိမ် ဖုန်းနဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီက သတင်းပို့နေရပြီး ဆင်ကြီး စားကောင်း မကောင်း၊ နေကောင်းမကောင်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့်ရတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အပူ (၁၁) မီး ငြိမ်းစေဖို့ (၁၁) ရက် (၁၁) လ (၂၀၀၅) ကို ထွက်ပြီလို့ ဝန်ကြီးတွေအား အော်ခိုင်းပြီး ရန်ကုန်က ရုံးတွေ နေပြည်တော်ကို အတင်းရွှေ့ခိုင်း၊ နေပြည်တော်ကို ရှေးခေတ်နန်းတော် အဆောက်အဦးတွေလို ဆောက်ခိုင်းကာ သူကိုယ်တိုင် သာလွန်မင်းတရားကြီး ဝင်စားလို့ဆိုပြီး ဘုရင်ရူးရူးနေတာတွေရယ်၊ ရွှေတိဂုံဘုရားက ဘုရားဌာပနာတွေကို ရွှေ့ဖို့ လုပ်ခိုင်းတာတွေရယ်၊ ရွှေတိဂုံဘုရားက ကျောက်စိမ်းဘုရားကို နိုင်ငံတကာအကြီးအကဲတွေ လာရောက်တိုင်း ဦးခိုက်ခိုင်းတာတွေ၊ ဘုရားရင်ပြင်တော်မှာ လုံခြုံရေးအတွက် ဆိုပြီး သေနတ်တကားကားနဲ့ ဦးသန်းရွှေအနားမှာ တွေ့မြင်ရတာတွေ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်ဖို့ ကတ်ကင်းဖြစ်တဲ့ ကြက်ဆူပင် စိုက်ခိုင်းတာတွေ၊ အိမ်တော်ကို လာတဲ့ ဧည့်သည်တွေကို ဖျာခင်းပြီးအောက်မှာ ထိုင်ခိုင်းပြီး ဆိုဖာပေါ်ရှိ သူ့ကို ဖူးတွေ့ခိုင်းတာတွေဟာ အစွဲအလန်းကြီးမားမှုနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အောက်လမ်းနည်းတွေပဲ ဖြစ်ပါတယ်။ ယတြာတွေ အမျိုးမျိုးလည်း ချေခဲ့ကြပါတယ််။ အင်္ဂါနံဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို နံနှိမ်တဲ့အနေနှင့် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော်လုပ်ခဲ့သည့် မန္တလေးမြို့ကျုံး၏ ထောင့်လေးထောင့်မှာ အင်္ဂါနံ စဉ့်အိုးထဲတွင် ဆီထည့်ပြီး အင်္ဂါနေ့ နံနက်အချိန် မြေမြုပ်ခိုင်းသည့် ယတြာအားလည်း လုပ်ဆောင်ခဲ့ပါတယ််။ ဘယ်လောက်အထိလဲဆိုရင် မန္တလေးက မဟာမြတ်မုနိဘုရားကြီးကိုတောင် ပတ္တမြားမျက်ရှင် လိုချင်လို့ ဗိုက်ဖောက်ခဲ့ဖူးတယ်လေ (၁၉၉၅ /၉၆) လောက်တုန်းကပေါ့။

အယူအဆ အစွဲအလမ်း ကြီးမားပြီး အာဏာရူးသွပ်နေတဲ့ မကြိုင်ကြိုင်ဟာ ဗေဒင်နက္ခတ်အရ ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်စေဖို့ အင်္ဂါသား ဗိုလ်စိုးဝင်းကို ဝန်ကြီးချုပ်အဖြစ် သွေးထိုးစီစဉ်ခဲ့ပြီး၊ နန်းပြောင်းနန်းလွှဲဖြစ်မှသာ ယတြာအရ ချေပြီးသား ဖြစ်မည်ဟု ကိုးကွယ်တဲ့ ဆရာများက ပြောကြပါတယ်။ ဦးအောင်သောင်း ကိုးကွယ်တဲ့ သင်္ကန်းကျွန်းမှ အကြားအမြင်ဆရာမတစ်ဦးရဲ့ တိုက်တွန်းမှုအရ ကြက်ဆူပင် စိုက်ခိုင်းခဲ့သလို မပြောင်းရအောင် ပြောင်းဖူး စိုက်ခိုင်းစေပြီး၊ ကြက်ဆူမှာ ဒေါ်အောင်ဆန်းစုကြည် ကတ်ကင်းဖြစ်သော်လည်း ယတြာအချေကောင်းမှုကြောင့် တန်ပြန်သက်ရောက်ကာ တပြည်လုံး ကျက်ကျက်ဆူသွားခဲ့ရပါတယ်။ နိုင်ငံတော်အလံ အပြောင်းအလဲ အခမ်းအနားမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို နာမ်နှိမ်တဲ့အနေနှင့် (စုကြည်) စင်ကြယ်ဘိနပ် စီးစေခဲ့ပါတယ်။

အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊
ကမာရွတ်မြို့နယ်။

အချိန်မှာ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ဖြစ်၏။

ရန်ကုန်မြို့၏ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြ့ုိနယ် နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။ ထိုစိမ်းလဲ့ကန်သာလမ်း၊ အမှတ် ၁၂၆ တွင်၊ ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်ကြသော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖော် မအယ်ဖော (၁၅ နှစ်) တို့ မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးတို့ နေထိုင်ကြလေသည်။ ရန်ကုန်မြို့ မိုးကုတ်သူဌေး ဦးမြမောင်၏ အဆက်အနွယ်များ လည်းဖြစ်ကြလေသည်။ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက် မည်မျှချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်၏။ မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများ ပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေသည်။

တနေ့တွင် နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့လေသည်။ နေ့ခင်းအချိန်တွင် ကားဖြင့် ဝင်လာပြီး အိမ်ရှိ မိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတဝိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။ အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖော်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့ကြသည်။

ရှင်စောပု ဘုရင်မကြီး ဝတ်ဆင်ခဲ့သည့် နားကပ်တစ်ဘက် … အင်း … ဇာတ်လမ်းကတော့ တော်တော်စိတ်ဝင်စား စရာကောင်းပြီး တော်တော်လည်း ယုတ်မာပက်စက်တာပဲ …

ကိုမင်းမောင်က သူ သောက်လက်စ စီးကရက်ကို သူ့ရဲ ့နုတ်ခမ်းမှာ တေ့ဖွာ ရှိုက်ပြီး ဆေးလိပ်မီးခိုတွေကို မှုတ်ထုတ်လိုက်ပါတယ်။ အဲဒီနောက် သူက “ဒါပေါ့ဗျာ .. သူတို့ရဲ့ လောဘက အတောမသတ်နိုင်သလို အမှားတွေကို မှားပြီးရင်း မှားနေတာတွေတောင် မမြင်နိုင်ပဲဖြစ်ရတာပဲ။”

‘‘ကိုမင်းမောင် ခင်ဗျားလည်း တော်တော် လေ့လာထားတာပဲဗျ’’

‘‘ဒါပေါ့ဗျာ ကျွန်တော်တို့က ရဲဝန်ထမ်းဆိုတော့ အဘက်ဘက်က သိအောင် လုပ်ထားရတာပေါ့ …”

‘‘ဒါနဲ့ ဆက်စမ်းပါဦး ဓနုတ်စေတီတော်ကြီးကို လာရတဲ့အကြောင်းက ဘယ်လိုများ ပတ်သက်နေသလဲဗျ။”

‘‘အင်း ခုနက ပြောထားတဲ့အတိုင်းပဲ ဒေါ်မကြိုင်က မိဖုရားရူး ရူးနေရာကနေ ဘုရင်မပါ ဖြစ်ချင်လာတယ်လေ။ အဲဒီတော့ ဒေါ်ကြိုင်ကြိုင််ကလည်း ဘုရင်မတပါးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ပြီး ဘယ်သူက ဖွလိုက်လဲ မသိပါဘူး၊ ဘုရင်မကြီး ရှင်စောပုရဲ့ ဝတ်ဆင်ခဲတဲ့ နားကပ်တစ်ဘက် ရှိတယ် ဆိုတဲ့ သတင်းအနံ့ ရပါလေရော …။ အဲဒီမှာ မရမက ရှာပုံတော် ဖွင့်တော့တာပဲဗျို့။”

“ဒါနဲ့ အဲဒီနားကပ်က ဘယ်သူ့ဆီမှာတဲ့လဲ”

“ပြီးခဲ့တဲ့နှစ်က ၂၀၀၈ ခုနှစ် မတ်လပိုင်းမှာ နေ့ခင်းကြောင်တောင်ကြီး မြို့လယ်ခေါင်မှာ အသတ်ခံရတဲ့ ငါးလောင်းပြိ်ုင် လူသတ်မှုကို ခင်ဗျားမှတ်မိလား …”

“ဟာ သိတယ်လေ”

“အင်း … အဲဒီ အသတ်ခံရတဲ့ ငါးယောက်က မိုးကုတ်ဦးမြမောင်နဲ့ ပတ်သက်နေတယ်လေ”

“အဲဒါလည်း ကျုပ် သိပါတယ်ဗျ ကိုမင်းမောင်ရ … မိုးကုတ်ဦးမြမောင်ဆိုရင် ရှေ့မီနောက်မီပုဂ္ဂိုလ်တို့ အကုန်သိကြပါတယ်။ ဆွေမျိုးစဉ်ဆက် မည်မျှချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်ပြီး ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အားလုံးသိနေကြတာပဲ။ မိုးကုတ်ဦးမြမောင်က ဟိုးရှေးအစဉ်အဆက်ကထဲက ပတ္တမြားတွင်းတွေ ပိုင်ခဲ့တယ်၊ ယခုတိုင် ပတ္တမြားတွေကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားတဲ့သူပေါ့ဗျာ။”

“ဒါပေါ့ဗျာ အခုမှ လိုရင်းရောက်တော့မှာ .. အဲဒီ မိုုးကုတ်ဦးမြမောင် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေထဲမှာ ရှင်စောပုဘုရင်မကြီး ဝတ်ခဲ့တဲ့ နားကပ်တစ်ဘက် ရှိတယ်ဆိုတဲ့ သတင်းကြောင့်ပေါ့ဗျာ”

“ဗျာ … ဘယ်လို … ခင်ဗျား ဆိုလိုတာက .. လူသတ်တရားခံက …”

နိုး … နိုး … နိုး … ကိုသန်းအောင် … ကျုပ်က သူတို့ တိုက်ရိုက်သတ်တယ်လို့ မဆိုလိုဘူး။ တနည်းနည်းနဲ့ ပတ်သက်နေတယ်လို့ ပြောတာ ...”

“ကျုပ်တော့ … နားမလည်တော့ဘူးဗျာ … လိုက်မမီလို့လားတော့မသိ … ခင်ဗျားပဲ ရှင်းပြပေတော့ဗျို့ …”

“ဒီကိစ္စရဲ့တရားခံကို သိလည်းသိရော အကုန်လုံးက လက်ရှောင်နေကြတာလေ ဘယ်သူမှ အစ မဖော်ရဲတော့ဘူး။ အခုလည်း ကျုပ်ကို ရဲချုပ် ဖုန်းဆက်တာ ဒီအမှုကိစ္စကို နှုတ်ဆိတ်နေဖို့ပဲဗျို့ …”

“ရဲချုပ်ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ နှစ်ယောက်လုံး သိပြီး အဲဒီအမှုကို ဆက်လက်ကိုင်တွယ်ဖို့ လက်တွန့်နေကြတယ်လေ။ ကျုပ်က ဒီဓနုတ်စေတီကို လာရတာက ဒေါ်မကြိုင် ထီးတင်ခဲ့တဲ့အကြောင်း စိတ်ဝင်စားလို့ လာခဲ့တာ… အဲဒီ ရှင်စောပု ဘုရင်မကြီးရဲ့ နာကပ်တစ်ဘက်ကို ရ မရတော့ မသိဘူး။ အဲဒီ ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပြီးနောက်ပိုင်း ဒေါ်မကြိုင်က နနး်သက်ဆက်ဖို့ ယတြာခြေမယ် ဆိုပြီး ဟောဒီ ရှေးဟောင်းသမိုင်းဝင် ဓနုတ်စေတီတော်ကြီးကို ထီးတင်ဖို့ လုပ်တော့တာပဲ။”

“ကဲ လာဗျာ … ဟော ဟိုမှာ ကျုပ် တပည့်လေး နေတဲ့ အိမ်ပဲ အဲဒီမှာ စေတီတော်ကြီး ထီးတင်စဉ်က အဖြစ်အပျက်တွေ မေးကြရအောင် …”

“ကဲ မောင်လေးမောင်ရေ မင်းပဲ ရှင်းပြလိုက်ပါကွာ။ ဓနုတ်စေတီတော်ကြီး ထီးတင်တုန်းက အဖြစ်အပျက်တွေကို …”

“ဒီလိုဗျ … တလောက ၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့က ဒေါ်ကြိုင်ကြိုင် ဦးစီးပြီး ထီးတင်လှူခဲ့ပြီးနောက် ၂၃ ရက်အကြာမှာ မေလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်မှာ ပြိုကျခဲ့တာ ခင်ဗျားသိတယ်မဟုတ်လား …”

“အေး … ဗျ .. ကျွန်တော် ကြားမိလိုက်တယ်”

“အဲဒီ .. ဓနုတ်စေတီတော်ကြီး ပြိုကျခဲ့စဉ်က ရုတ်တရက် အမှောင်ကျလာပြီး မီးလုံးအနီကြီးတွေ ဖြတ်သန်းလာတာ မပြိုကျမီ ညပိုင်းအချိန်များမှာ စေတီကြီး၏ အရိပ်ကို ထီးတော်မပါဘဲ ကောင်းကင်မှာ ဖူးတွေ့ရတယ်”

“နို့ … နေပါအုန်း၊ အဲဒါနဲ့ ဘယ်လိုများ ပတ်သက်နေတုန်းဗျ။”

“အဲဒီအချိန်ကထဲက စပြီး ဘယ်သူမှ ထီးမတင်ရဲတောဘူးဗျို့၊ အထူးသဖြင့် ဒေါ်မကြိုင်တို့မိသားစုပေါ့ဗျာ”

“အဲဒီတုန်းက စေတီပြိုကျမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြပါတယ်။ အခုတော့ ဒေသခံတွေနဲ့ပဲ ရပ်ရွာက ဦးစီးပြီးတော့ ထီးတော်တင်ဖို့ လုပ်နေကြရတာပေါ့။ ဗိုလ်ချုပ်မှူးကြီးနဲ့ ဒေါ်မကြိုင်တို့ကတော့ ဒီဘုရားကြီးအတွက် လှူဒါန်းမှု မပြုတော့ဘူးလို့ သိရတာပဲ ... ဒီတခေါက် ထီးတင်ပွဲနဲ့ စိန်ဖူးတော်တင်ပွဲကို နိုင်ငံတော်အကြီးအကဲ မိသားစုဝင်တွေ တစ်ဦးမျှ မပါဝင်တော့ဘူးလို့ သိရတယ်။ ရွှေသံလွင်ကုမ္ပဏီက မြေသားအပျော့အမာ စစ်ဆေးတာတွေ လုပ်နေကြတယ်လေ။”

“ဒီစေတီတော်ကြီးက ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်မင်းအဆက်ဆက်က ပြုပြင် ကိုးကွယ်ခဲ့ကြတာ .. သာသနာသက္ကရာဇ် ၂၄၀ ပြည့်နှစ်မှာ မြတ်စွာဘုရား ဆံတော်နှစ်ဆူနှင့် ဓာတ်တော် ၂၄ ဆူကို ဌာပနာပြီး သထုံမင်း စူဠသီရိမာသောက အထောက်အပံ့နှင့် လေးသည်ရွာမှာ တည်ထားခဲ့တယ်။ စတည်ခါစက ဒုန္နိဂ္ဂဟ စေတီလို့ ဘွဲ့အမည်တွင်ပြီး ခေတ်တွေပြောင်းလာတော့ ဓနုတ်စေတီလို့ ခေါ်လာကြတာပေါ့ဗျာ။ အင်း … မြန်မာသက္ကရာဇ် ၇၁၅ ခုနှစ်လောက်က ဟံသာဝတီဘုရင် ဗညားဦး မြန်မာသက္ကရာဇ် ၇၅၆ မှာ ဘုရင် သုတသောမ ရာဇာဓိရာဇ် တို့က ပြုပြင် တည်ထား ကိုးကွယ်ခဲ့ကြပြီး သက္ကရာဇ် ၈၁၉ ခုနှစ်မှာငလျင်လှုပ်ပြီး ပြိုကျခဲ့တော့ ဘုရင်မကြီး ရှင်စောပုကနေပြီး ပြန်လည်ပြုပြင် ကိုးကွယ်ခဲ့တယ်လေ။ အဲဒီနောက်ပိုင်းမှာတော့ သက္ကရာဇ် ၈၁၉ မှာ ဓမ္မစေတီမင်း၊ သက္ကရာဇ် ၉၀၁ ခုနှစ်မှာ တောင်ငူဘုရင် တပင်ရွှေထီး၊ သက္ကရာဇ် ၉၂၆ မှာ ဘုရင့်နောင်၊ သက္ကရာဇ် ၁၀၀၆ မှာ သာလွန်မင်း၊ သက္ကရာဇ် ၁၀၄၁ မှာ မင်းရဲကျော်ထင်၊ သက္ကရာဇ် ၁၁၇၃ မှာ ဘိုးတော်မင်းတရား တို့က တည်ထားကိုးကွယ်ခဲ့ကြပါတယ်။” ဟု လူငယ်လေး မောင်လေးမောင် က ရှင်းပြလေသည်။

“ဘယ်ဆိုးလို့တုန်းဗျ ကိုမင််းမောင်၊ ခင်ဗျားတပည့်က ဗဟုသုတ တော်တော်စုံသားဗျ”

“ဒါပေါ့ ကိုသန်းအောင်ရာ ကျုပ်ကလည်း ဒီလိုတော်တဲ့ လူငယ်တွေ ပေါင်းထားရတာပေါ့ဗျ”

“ကဲ .. ဆရာတို့လည်း နားနားနေနေ လက်ဖက်ရည်လေး သောက်ပြီး စကားပြော၊ ကျွန်တော်ကတော့ ဘုရားမှာ သံဃာတော်တွေ ကြွလာလို့ သွားပြီး လုပ်အားပေးလိုက်ဦးမယ်” ဟု ပြောပြောဆိုဆိုပင် ထိုလူငယ်လေး မောင်လေးမောင်မှာ စေတီတော်ကြီးဘက်သို့ ထွက်သွားပါတော့တယ်။

“ဒါနဲ့ ကိုမင်းမောင်ရ … ကျွန်တော် မသိလို့ မေးပါရစေဦး။ အဲဒီ ဒေါ်မကြိုင်က ဘာဖြစ်လို့ ထီးတော် ပြန်မတင်ရဲတော့တာလဲဗျ”

“ဒီလို ကိုသန်းအောင်ရဲ့ ပထမတော့ ဒေါ်မကြိုင်က သူ့ရဲ့ အခါတော်ပေးတွေက မိဘုရားဖြစ်မယ်လို့ ဟောလိုက်တယ်လေ။ အဲဒီမှာ သူ့ကိုယ်သူ မိဖရားဖြစ်ချင်တာနဲ့ ယတြာတွေ အမျိုးမျိုးချေခဲ့တယ်။ တိုက်ဆိုင်မှုလားတော့မသိဘူး၊ သူ့ယောက်ျား ဗို်လ်သန်းရွှေကလည်း ရာထူးအဆင့်ဆင့် တက်ပြီး နောက်ဆုံးအဆင့်အထိ နိုင်ငံတော်အာဏာကို သူ့လက်ထဲ ရခဲ့တာပဲမဟုတ်လား။ အခုအချိန်အထိ ဘယ်သူ လှန်ရဲလို့လဲ။ အခု ငါးလောင်းပြိုင် လူသတ်မှုမှာ သူတို့မိသားစုနဲ့ ပတ်သက်နေတယ်လည်း ဆိုရော အကုန်လုံးက တွန့်သွားကြတာ အမှုမှန် ဘယ်သူမှ မလိုက်ရဲဘူး။ ကျုပ်တို့ကိုတောင် နှုတ်ဆိတ်နေဖို့ ပြောနေကြတာ။ ဗိုလ်ခင်ညွန့်တောင် သူ့ကို လုံခြုံရေးပေးမှ ဒီအမှုကိစ္စ ပြောနိုင်မယ်တဲ့လေ ...။ အဲဒီတော့ ဒေါ်မကြိုင်က မိဘုရားရူး ရူးနေရာက ဘုရင်မပါဖြစ်ချင်နေတာ သူ့ကို ဘယ်သူမှ မော်မကြည့်နိုင်အောင် လုပ်ချင်နေတာ။ အဲဒီတော့ သူရထားတဲ့ နေရာကနေပြီး ပြန်ပြုတ်မကျသွားအောင် နည်းမျိုးစုံသုံးပြီး နှိပ်ကွက်တော့တာပေါ့။ သူက ဘုရင်မဖြစ်ချင်လာတယ်လေ။ အဲဒီတော့ ရှင်စောပု ဘုရင်မကြီးကို အားကျပြီး အဆောင်အယောင်တွေ လိုချင်လာတော့တာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ မင်းမဲ့စရိုက်ကြောင့် ဘုရားတန်ခိုးပြတာလား မသိ၊ နိုင်ငံတော်အကြီးအကဲတွေ အကုန်လုံး နောက်ထပ် ထီးတော်မတင်ရဲကြတော့ဘူးဗျ။

အဲဒီအကြောင်းတွေ ပြောရရင်တော့ ‘စိန်စီသောည’ ကနေ စရမှာပဲဗျို့ …။

စိန်စီသောည

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမီးတော်လေး၏ မင်္ဂလာပွဲ "စိန်စီသောည" ၏ ဇာတ်လမ်းအစပင် ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က ကြီးမားတဲ့ စိန်ဘယက်ကြီးကို အခန့်သားဆွဲရင်း အနောက်တိုင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ လူပုံအလည်၌ မျက်နှာထားတင်းတင်းဖြင့် နွားရွေးပွဲကို ဆင်နွှဲခဲ့သည့် မောင်သန်းရွှေ ဒေါ်မကြိုင်တို့၏ ရှုမငြီးသော သမီးကညာ၏ မင်္ဂလာပွဲမှ စတင်ကာ သူကြွယ်မိသားစုခမျာ လုပ်ကြံခံလိုက်ရပါတယ်။

ထိုဦးမြမောင် ဆွေမျိုး - အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘဝက ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြပါတယ်။ ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်း ငှားရမ်းခဲ့ပြီး ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အဝါကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပါတယ်။

မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကို ရောင်းပါ။ စျေးဘယ်လောက် ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ရာ မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများ ပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ "ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ "မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့စျေးပြောပါ၊ ဒေါ်လာနှင့်ချေမည်" ဟု ပြန်ပြောတိုက်တွန်းခိုင်းပြန်ပါတယ်။ ကွယ်လွန်သူတို့မှ "မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုး မသေမီကပင် တာဝန်ပေးခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း" ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသည့် မိသားစုသည် ၄င်းတို ့မိသားစု ပိုင်သော ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ့ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယားအကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။ အဲဒီနောက်မှာ ဘုရင်မ ရှင်စောပုရဲ့ နားကပ်တစ်ဘက် သတင်းကလည်း ထွက်လာတော့ ဘုရင်ရူးရူးနေတဲ့ မိသားစုအတွက် လိုချင်စရာ ဖြစ်လာတော့တာပေါ့ နောက်ဆုံးတွင် မိကြိုင် စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယားလူမျိုး လေးယောက်ပါသော ကြေးစားလူသတ်သမားအဖွဲ့ကို ငှားရမ်းကာ လုပ်ကြံခဲ့ခြင်းဖြစ်ပါတယ််။

အဲဒါကို ဗိုလ်ချုပ်ကြီးအေးနှင့် နိုင်ငံတကာသံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့ ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပါတယ််။ ဗိုလ်ချုပ်မြင့်ဆွေ၊ ဗိုလ်ချုပ်တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ရွှေမန်းတို့လည်း ထိုကိစ္စကို သိရှိကြသော်လည်း ဒေါ်မကြိုင်နှင့် ဗိုလ်သန်းရွှေတို့ လုပ်သည့်ကိစ္စဖြင့်သဖြင့် ထိုရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန် ဟန်ရေးပြလေ့ရှိသော ဗိုလ်ချုပ်များလည်း ထမိန်ဖြင့် အအုပ်ခံရမည်ကို ကြောက်ရွ့ံလှသဖြင့် နှာစေးနေကြပေသည်။ ရဲချုပ်ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ကတော့ သတ္တိရှိ၍ပေလော ပိုမိုအကြောက်လွန်၍လော မသိ၊ ထိုအမှုကို နှုတ်ဆိတ်လို့ နေကြပေတော့သည်။

ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို) ၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။ သတင်းအမှန်မှာ "ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှ ထွက်" ဟု ဆိုရပေချိမ့်မည်။

မောင်ဘို သေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့် ထွက်လာ၏။ သို့သော် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။ မကြာခင်ကမှ မှုးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်ရဲ့ အသိုင်းအဝိုင်းကနေ ငါးလောင်းပြိုင် လူသတ်မှုမှာ နအဖ စစ်ဘီလူးခေါင်းဆောင် သန်းရွှေရဲ့မိန်းမ ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အသံထွက်ပေါ်လာခဲ့ပါတယ်။ မူးယစ်ဆေးဝါးကိစ္စနဲ့ ဖမ်းဆီးစစ်ဆေးခံရတဲ့ အောင်ဇော်ရဲမြင့်က သူ့ရဲ့ကိစ္စကို အရေးယူဆောင်ရွက်မယ်ဆိုရင် ဒေါ်ကြိုင်ကြိုင် ပါဝင်ပတ်သက်ခဲ့တဲ့ ဒီငါးလောင်းပြိုင် လူသတ်မှုကို ဖော်ထုတ်မယ်လို့ ပြန်လည်ခြိမ်းခြောက်တယ်လို့ အောင်ဇော်ရဲမြင့်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အသိုင်းအဝိုင်းကနေ သတင်းတွေ ပြန်ထွက်လာပါတယ်။

ကဲ … ဇာတ်လမ်းကတော့ အဖြေက ရှင်းနေပြီ ကိုသန်းအောင်ရေ ဒီအမှုမှာတော့ ကျွန်တော်တို့တတွေလည်း လက်လျှော့လိုက်ရတဲ့ အမှုတစ်ခုပါပဲဗျာ … နောက်ဆက်တွဲ သတင်းတွေကတော့ စောင့်ကြည့်လိုက်ကြအုန်းပေါ။ ကဲဗျာ … အချိန်လည်း မနည်းတော့ဘူ။ ရန်ကုန်ဘက်ကမ်းကို ပြန်ကြရအောင်၊ ရဲချုပ်ရုံးကိုလည်း ဝင်ရအုန်းမယ် …။

ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ ဆွေမျိုးရင်းသူ နှစ်ဦးကို ခွဲဝေပေးလိုက်ပြီဟု သိရပါတယ်။ လူသတ်မှု ဖြစ်ပွားပြီး ၃ နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်။ လူသတ်သမားများအနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်က ပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးက ပြောဆိုခဲ့ပါတယ်။ လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့ပါတယ်။ ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄ စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်ပါတယ်။

သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တဝက်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်။ မည်မျှ ကျန်ရစ်သည်ကို အတိအကျ ပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုပါတယ်။ လူသတ်မှုဖြစ်ပွားပြီး နောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ ဦးသုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။

နောက်ထပ် သတင်းတစ်ခုကတော့ မိုးကုတ်သူဋ္ဌေး ဦးမြမောင်နဲ့ ဒေါ်အုန်းကြည်တို့ရဲ့ တစ်ဦးတည်းသောသမီး၊ ဒေါ်စန်းစန်းမြနဲ့ ခင်ပွန်း ဦးစောကြည်ဖေတို့ရဲ့ မွေးစားသမီးဖြစ်တဲ့ မမြစန္ဒာရဲ့ ခင်ပွန်းဦးသုဇော်ဟာ အလောင်းအစား ခုံမင်တယ်။ ဗိုလ်ချူပ်သာအေး သား အစရှိတဲ့ နအဖစစ်ဗိုလ်ချုပ် သားသမီးတွေ အပါအဝင် ဦးသုဇော်တို့ လေးကောင်ဂျင် ကစားကြရာ ဦးသုဇော် အကြီးအကျယ် ရှုံးပြီး အကြွေးပါတင်သွားတယ်။ အဲ့ဒီအကြွေးတွေ ချေဖို့အတွက် ဒေါ်ကြိုင်ကြိုင်က ဦးသုဇော်ကို သူ့ယောက္ခမပိုင်တဲ့ ပတ္တမြားကြီးကို ယူပေးဖို့ စီမံညွှန်ကြားခဲ့ရာက ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ ယခုကဲ့သို့ တရားခံ မဖော်နိုင်သော၊ မဖော်နိုင််သည်မဟုတ် မဖော်ဝံ့ မဖော်ထုတ်ရဲသော အမှုပေါင်းများစွာပင် ရှိနေပါသေးသည်။
                                                 @@@@@@@@@@@@

No comments:

Post a Comment