Twitter Bird Gadget

Thursday, April 24, 2014

ဦးဝင်းတင် (သို့မဟုတ်) ကဏန်း ကိုယ်ထည်



လွန်ခဲ့တဲ့ ၂၆ နှစ် က ဒီလို နေ့ မတ်လ (၁၂) ရက် စနေနေ့ ညချမ်း အချိန် ရန်ကုန် အနောက်ကြို့ကုန် အရပ် အာဏာရှင်ကြီး ရဲ့ သမီးတော် တပါး နာမည် နဲ့ တူနေတဲ့ စန္ဒာဝင်း လက်ဘက်ရည်ဆိုင် မှာ ရန်ကုန်စက်မှု ကျောင်းသား တစု နဲ့ အရပ်သား တစု စတီရီယို သီချင်းခွေ သူ့ အကြိုက်၊ ကိုယ့် အကြိုက် ဖွင့်ခိုင်းခြင်းကနေ အစပြုပြီး စကားများ ခိုက်ရန်ဖြစ်ကြတယ်။ အရပ်သားဘက်မှာ ရပ်ကွက်ကောင်စီ လူကြီးသား ပါနေခဲ့ခြင်းနဲ့ အတူ ဒီဖြစ်စဉ်ကို အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံ က မတရား ဘက်လိုက်မှုတွေ ဖြစ်ခဲ့တယ်။ ဒီအနေအထားမှာ မဆလ စစ်အစိုးရ ရဲ့ ၁၉၈၇ စက်တင်ဘာ ငွေစက္ကူ ဖျက်သိမ်းမှု အရေးအခင်း ကတည်းက ကျောင်းသားထုရဲ့ အထွေအထွေ မကျေနပ်မှု လိပ်ခဲတည်းလည်း အခြေအနေ ဟာ အထွတ်အထိပ် ရောက်သွားခဲ့ပြီး နောက်တနေ့ မတ်လ (၁၃) မှာ ဆန္ဒပြပွဲ ဆက်ဖြစ်၊ စစ်အစိုးရ ကလည်း ထုံးစံအတိုင်း အကြမ်းဖက် နဲ့ ကိုဖုန်းမော် ကျဆုံး၊ သွေးစွန်းတဲ့ တနင်္ဂနွေ ဖြစ်ခဲ့ရတယ်။ ဒီလိုနဲ့ တပါတီ စစ်အာဏာရှင် ဆန့်ကျင်ရေး ရှစ်လေးလုံး အရေးတော်ပုံကြီး ဟာ အစပြုခဲ့တယ်။

အရေးတော်ပုံကြီးး ရဲ့ လင်ငင်းအကြောင်း ဖြစ်ခဲ့ရာ မတ်လ (၁၂) ရက် ဟာ သမိုင်းတိုက်ဆိုင်မှုလို့ ဆိုရမလားပဲ အရေးတော်ပုံ သံမဏိ တပ်သားကြီး တယောက်ဖြစ်လာမယ့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် (၁၉၃၀ ဖွား) ရဲ့ မွေးနေ့ လည်း ဖြစ်နေတယ်။ နိုင်ငံ့ တာဝန် ကို ခေတ်အဆက်ဆက် သတင်းစာသမား၊ စာရေးဆရာ အဖြစ် ခေတ်ဝန်ကို ထမ်း၊ ခေတ်လှမ်းကို လျှောက်လာခဲ့တဲ့ ဆရာ ဦးဝင်တင် ဟာ ဒီ အရေးတော်ပုံကြီးမှာပဲ နိုင်ငံရေး သမား အဖြစ်ကိုရောက်ခဲ့၊ ကမ္ဘာကျော် (၁၉) နှစ်ကြာ ယုံကြည်ချက် အကျဉ်းသမား ဖြစ်ခဲ့ရတယ်။

ဒီလို နေ့ရက် တိုက်ဆိုင်မှု တင်မကပါ။ ဆရာ ဦးဝင်တင် ဟာ အရေးတော်ပုံကြီး အစပျိုး ရာ အဲဒီကာလဦးမှာ စစ်အာဏာရှင် စနစ်ဆိုး တော်လှန်ရေး တပ်လှန့်သံ စာတပုဒ် ကိုလည်း ပြည်သူ့ဘက်က အမြဲရပ် တတ်တဲ့ သူ့ရဲ့ ကလောင်စွမ်းနဲ့ နှိုးဆော်ခဲ့ပါသေးတယ်။ ဒါကတော့ သူ့ရဲ့ နာမည်ကျော်ကဏန်းမျက်စိပါပဲ။

၁၉၈၇ ဒီဇင်ဘာ နာတာလူး ပွဲတော် အချိန်အခါ မှာ ဆရာ ဦးဝင်းတင် က မိတ်ဆွေ စာနယ်ဇင်း သမားတွေနဲ့ အတူ အားကစား ကလောင်ရှင် မောင်ရဲဝင်း ရဲ့ မှော်ဘီ က ခြံ ကို ပျော်ပွဲစားဖို့ သွားခဲ့တယ်။ လမ်းမှာ သတင်းထောက် ဦးလှထွန်း အရှင် သယ်လာတဲ့ ကဏန်းကောင် တွေ အကြောင်းကို မေးမြန်း ဖြစ်ရင်း ကဏန်းတွေရဲ့ သဘာဝ ကို သူ သိလိုက်ရတယ်။ စစ်သံချပ်ကာ ကားလို မာကျော ခိုင်မာ ထုထည် ရှိတဲ့ ကဏန်းကောင် ရဲ့ မျက်ခွံမပါ မျက်စိ ဟာ အထိအခိုက် မခံနိုင်ဘဲ ခြင်ကိုက်ရင်တောင် သေနိုင်တာကြောင့် တရုတ်တန်း က ကဏန်းမွေးရောင်းသူ များဟာ ကဏန်းအရှင်တွေကို ခြင်ထောင် နဲ့ထည့် ထား မွေးရကြောင်း ဦးလှထွန်းက ပြောပြတော့ ဆရာဦးဝင်တင် က ခရီးအပြန် မှာကဏန်းမျက်စိဆောင်းပါး ရေးဖြစ်ခဲ့တယ်။

ဆောင်းပါး မှာ ဓားကျိုးလို့ လှံခွေ ဆိုသလို ကာယ သိဒ္ဓိပြီးတဲ့ ရှေးခေါမ သူရဲကောင်းကြီး အာခိလိစ် မှာ အားနည်းတဲ့ ခြေဖနောင့် ရှိတယ်၊ မာကျော တဲ့ ကိုယ်ထည် ရှိတဲ့ ကဏန်းကောင် မှာ အကဲဆတ်၊ အထိအပါး နည်းနည်းမှ မခံနိုင်တဲ့ မျက်စိ ရှိတယ်၊ ဘယ်လောက် ခိုင်မာတဲ့ စနစ် အဖွဲ့အစည်း၊ အဆောင်အအုံ မဆို အားနည်းချက် ကို ရှာ တိုက်နိုင်ရင် ဗုန်းဗုန်လဲကျ မှာ မလွဲဧကန် ဓမ္မတာပဲ ဖြစ်တယ် သဘော ရေးခဲ့တယ်။ ဦးဝင်တင် က စစ်အာဏာရှင် စနစ်ဆိုး ရဲ့ အားနည်းချက် လူထု အုံကြွမှုကို မခံနိုင်ခြင်းကို အသုံးချ မဆလ စစ်အစိုးရ ကို တချက်တည်း ပိုင်ပိုင်နိုင်နိုင် ထိုးနှက် တိုက်ရင် စစ်အာဏာရှင် စနစ်ဆိုး မျိုးပြုတ် မှာပဲ ဆိုတဲ့ သဘော ကဏန်းမျက်စိ ဥပမာပြု ပုံဖျက်၊ လူထု တော်လှန်ရေး နှိုးဆော် တပ်လှန့် ဆိုခဲ့သလို ဆောင်းပါးရေးခဲ့ပြီး ရဲဘော်ကြီး ဆရာ မောင်ဝံသ (၁၉၄၅-၂၀၁၃) ကို ပေးလိုက်တယ်။

မောင်ဝံသ က သူ့ရဲ့ အတွေးအမြင် မှာ ထည့်ဖို့ စာပေစီစစ်ရေးကို တင်တယ်၊ စစ်အစိုးရ စာပေ ကင်ပေတိုင် ကလည်း ဆောင်းပါး ရဲ့ လျှို့ဝှက် အဓိပ္ပာယ် အနှစ် သဘောကို နားမလည်တော့ ခွင့်ပြုလိုက်တယ်။ ဒီလိုနဲ့ ၁၉၈၈ နှစ်ဦး အတွေးအမြင် မှာ ဦးဝင်းတင် ရဲ့ကဏန်းမျက်စိဆောင်းပါး ပါလာခဲ့တယ်။ ဆောင်းပါး က အစမှာ သာမန်လူတွေ သတိမပြုမိပေမယ့် ကျောင်းသား စာစောင်တွေ၊ အရုဏ်ဦး လို ကွန်မြူနစ် မြေအောက်လှုပ်ရှားမှု စာစောင် တွေမှာ ထပ်ဆင့် ဖော်ပြကြရင်းနဲ့ နောက်ဆုံး တိုင်းပြည် အနှံ့ ရောက်၊ နယ်တွေက နံရံကပ်စာစောင်တွေ မှာ အထိ သက်ရောက်သွားပြီး လူထုအကြား ကို တဖြည်းဖြည်းနဲ့ ပျံ့သွားခဲ့တယ်။ ဒီလိုနဲ့ကဏန်းမျက်စိ၈၈ လုထု အရေးတော်ပုံကြီး ရဲ့ ပြယုဂ်၊ လှုံ့ဆော်ရေး စာ တပုဒ် ဖြစ်သွားခဲ့တယ်။

တကယ်တော့ ဆရာဦးဝင်းတင် ရဲ့ ဒီလို မြင်းမိုရ်တောင်ကြီး ကို ဇီးစေ့ သေးသေးလေးတွေ နဲ့ မပေါက်ချင်ပါနဲ့ အရှုံးပေးဝါဒ ခံယူချက် နဲ့ ပြောင်းပြန် အားလုံး ညီညီညွတ်ညွတ် စုစည်းပြီး ချက်ကောင်းကို ဝိုင်းပေါက်ရင် ပြိုလဲနိုင်ကြောင်း နှိုးဆော် သံကဏန်းမျက်စိဟာ ၁၉၈၈ ဝန်းကျင် ဗမာ့ နိုင်ငံရေး ဖြစ်စဉ် အတွက် ရှေ့ဆောင် ဖြစ်ခဲ့ရုံသာမက စစ်အေးခေတ် အဆုံးသတ်ခါနီး ကာလ အဲ့ဒီခေတ် ကမ္ဘာ့ အနေအထား အတွက်ပါ အနာဂတ္တိ စာတပုဒ်လို့လည်း ဆိုချင် ဆိုနိုင်တယ်။

အဲ့ဒီ အချိန် က ကွန်မြူနစ် ဝါဒ ကို တလွဲ အသုံးချ ပြီး တပါတီ အာဏာရှင် လက်နက်နိုင်ငံတော်ကြီး တည်ဆောက်ကာ ပြည်သူ လူထု ကို ဆင်းရဲတွင်းနက်စေခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး နဲ့ လက်ဝဲ အာဏာရှင် နိုင်ငံတွေ ရဲ့ နေဝင်ဆည်းဆာ အချိန် ဖြစ်တယ်။ ဘိလပ် က ငါးသုံးလုံး အမှတ်တံဆိပ် ဆေးလိပ် လောက်တောင် သက်တမ်း မရှည် ကျဆုံးခဲ့ရတယ်လို့ ၁၉၉၀ ခုနှစ်များမှာ ပြောစမှတ် ပြုဖွယ် ဖြစ်ခဲ့ရတဲ့ ဆိုဗီယက် တပါတီ အာဏာရှင် စနစ် ဟာ အခြေခံ ကောင်းမွန် ပြည့်ဝတဲ့ လက်ဝဲ နိုင်ငံရေး အတွေးအခေါ် တွေကို ပုံဖျက်ပြီး အာဏာ ကို အရင်းတည်၊ လူ့ အဖွဲ့အစည်းမှာ အကြောက်တရား ကို လွှမ်းမိုးစေပြီး သံမဏိ ကွန်ချာ တည်ဆောက် ကမ္ဘာတည်သရွေ့ မပြိုလဲနိုင်တော့ လို့ အဲ့ဒီ အချိန်တုန်းကတော့ လူအများ ယူဆခဲ့ကြဖူးတယ်။ ဒါပေမယ့် အာဏရှင် တစု တည်ဆောက်ထားတဲ့ သံမဏိ ကန့်လန့်ကာတွေဟာ ပြည်သူ့အား (People Power) နဲ့ တွေ့တဲ့ အချိန်မှာ ထိခိုက် ကွဲရှ ပျက်စီးလွယ်တဲ့ ဖန်ပေါင်းချောင်တွေသာ ဖြစ်ကုန်တယ်။

ဦးဝင်းတင် ရဲ့ကဏန်းမျက်စိသဘော ဟာ မှန်ကန်ကြောင်း ကို သမိုင်း သက်သေ ဖြစ်စဉ်တွေ ဆောင်းပါး ထွက်ပြီး နောင် နှစ်အနည်းငယ် အကြာ မှာပဲ ကမ္ဘာမှာ ဖြစ်လာခဲ့တယ်။

ဦးဝင်းတင် မူရင်း ရွယ်ရည် ရေးသား လှုံ့ဆော်ခဲ့တဲ့ ဗမာ့ အရေးမှတော့ကဏန်းမျက်စိဟာ အသက်ပြင်းခဲ့တယ်။ လူထု အား ကို အသုံးချ ပြီး မဆလ စစ်အစိုးရ ကို ဖြုတ်ချနိုင်ခဲ့ပေမယ့် စစ်အာဏာရှင်စနစ် ဟာ နာမည်တမျိုးနဲ့ ဝမ်းနည်း၊ နာကြည်း၊ ခံပြင်းဖွယ် အသက်ဆက်ခဲ့တယ်။ ဒီလို သက်ဆိုးရှည်ခဲ့မှုကြောင့် လူထု အရေးတော်ပုံ တပ်သားကြီး ဦးဝင်းတင် တယောက်လည်း အာဏာရှင် စနစ်ဆိုး မျိုးဖြုတ်ရေး အတွက် ကလောင် လက်နက် တင်မက၊ နိုင်ငံရေး လက်နက်ပါ ဆွဲကိုင်ကာ ဆက်လက် တိုက်ပွဲဝင်ခဲ့ရတော့တယ်။ ဒီလိုနဲ့ နာမည်ပြောင်း နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက် ရဲ့ နှစ်ရှည် ထောင်သွင်း အကျဉ်းချခြင်းကို ခံခဲ့ရတယ်။

လက်ရှိ စစ်အုပ်စု အသွင်ပြောင်း စစ်တပိုင်း အစိုးရ ခေတ်မှာလည်း ဆရာ ဦးဝင်းတင် တယောက် ထောင် အပြင် ရောက်၊ အထိုက််အလျောက် လွတ်လပ်မှုရ၊ ကလောင်ကို ပြန်ဆွဲ ပြည်သူ့ဘက်ကနေ အသံကျယ်ကျယ် ဟစ်နိုင်ပြီ ဆိုသော်ငြားလည်း လွပ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း လူမှု၊ စီးပွား၊ နိုင်ငံရေး ကင်းမဲ့နေတဲ့ ဗမာပြည် ကတော့ စစ်အုပ်စု ရဲ့ မတရားမှု ဒဏ်၊ ဖိနှိပ်မှု ဒဏ် ကို ဆက်လက်ခံနေရဆဲ၊ အကျဉ်းထောင် အကြီးစားကြီး ဖြစ်နေဆဲ ဖြစ်တယ်။

ဒါကြောင့် လူတစု နဲ့ မဟုတ်ဘဲ တကယ့် လူထု နဲ့သာ တသက်လုံး တသားတည်း နေခဲ့၊ ရပ်ခဲ့သူ၊ ကြတ်ပြေး အရပ် က သူယောင် ဒီမိုကရေစီ မျက်လှည့်ပွဲ ကို မျက်စိမလည်၊ နားယောင်မလွယ်သူ ဦးဝင်းတင် တယောက် ဟာ အကျဉ်းကျနေဆဲ ဗမာပြည်ကြီး အမှတ်သင်္ကေတ ထောင်ဝတ်စုံ ကို လက်ရှိ အချိန်ထိ မချွတ်သလို ဦးခေါင်းတွေ မညွတ်၊ ဒူးခေါင်းတွေ တကယ် မပျော့၊ အသံတွေ မာနေဆဲ ဖြစ်ကာ အသက် (၂၀) ဆယ် ကျော် အရွယ် မှာ စခဲ့တဲ့ ပြည်သူ့ စာနယ်ဇင်းသမား၊ စာရေးဆရာ ဘဝ နဲ့ အသက် (၅၈) နှစ်မှာ စခဲ့တဲ့ နိုင်ငံရေး သမား ဘဝ နှစ်ခု စလုံးကို မယိုင်မလဲ ရပ်တည်မှု၊ ဖြစ်တည်မှု မှန်မှန်ကန်ကန်ဖြင့် ဆက်လက် လျှောက်လှမ်းကာ လူထုဒီမိုကရေစီ ပန်းတိုင် အတွက် အသက် (၈၄) ပြည့်သည် အထိ ခေတ်ဝန်ကို ထမ်းနေဆဲ ဖြစ်တယ်။

၁၉၉၅ မတ် အင်းစိန် ထောင်တွင်း တရားရုံးမှာ တရားဝင် ထုတ်ဖော် အာမခံ ပြောကြားခဲ့တဲ့ကျူပ် အခု အသက် (၆၅) နှစ်ပြည့်ပြီ၊ ဒီမိုကရေစီ တိုက်ပွဲ မပြီးဆုံးသေးဘူး၊ ဆက်တိုက်ရဦးမယ်၊ ကျူပ်လည်း နောင် နှစ်ပေါင်း ငါးဆယ် အသက် ရှည်၊ တိုက်ပွဲဝင်ဦးမယ်ဆိုခဲ့တဲ့ ရဲရဲတောက် စကားနဲ့ အညီ လက်ရှိ အချိန်တိုင် နေထိုင်၊ ကျင့်ကြံ၊ ပြုမူ၊ ပြောဆို နေဆဲ ဖြစ်တယ်။

ဒီနေ့ ဆရာဦးဝင်းတင် အသက် (၈၄) နှစ်ပြည့် မွေးနေ့ မင်္ဂလာ အချိန်အခါ မှာ သူ့ အကြောင်း ပြန်တွေးမိတော့ သူ့ရဲ့ ဆိုခဲ့တဲ့ ဆောင်းပါးကဏန်းမျက်စိနဲ့ ဆက်စပ်ကဏန်းကိုယ်ထည်ကို မျက်စိထဲ မြင်မိတယ်။ကဏန်းကိုယ်ထည်ရဲ့ ပုံပန်း သဏ္ဌာန် က ဆရာ ဦးဝင်းတင် ရဲ့ ဘဝ နေထိုင်မှု ဟန်ပန် နဲ့ စိတ်ဓာတ် ကို အကောင်းဆုံး ပုံဖော်နိုင်မယ် ထင်တယ်။ ဦးဝင်းတင် ဟာ အမှန်တရား အတွက်၊ ယုံကြည်ချက် အတွက် မာလိုက်တာမှ တကယ့် ဒေါင်ဒေါင်မြည်တယ်။ အင်းစိန် ထောင် မှာ၊ ခွေးတိုက်မှာ တဦးတည်း တိုက်ပိတ်ခံရစဉ်၊ စစ်ကြောရေး စခန်းတွေ မှာ လူ့ ငရဲခန်း ဖြစ်သန်းနေရစဉ်၊ သွားတွေ မရှိတော့ တဲ့ အချိန်တွေ၊ ရောဂါ ဘယ ထူပြော နှိပ်စက်နေစဉ် အစရှိတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ နေ့ရက်တွေကို အသက် (၆၀) ကျော်၊ (၇၀) ကျော် အဘိုးကြီး တယောက် အနေနဲ့ ကြံ့ကြံခံ ဖြတ်သန်းနိုင်ခဲ့တာဟာ ဦးဝင်းတင် ရဲ့ ခိုင်မာ သန်စွမ်း မာကျောလှ တဲ့ကဏန်းကိုယ်ထည်စိတ်ဓာတ် ကြောင့်ပဲ ဖြစ်တယ်။

ဒါ့အပြင် ရပ်တည်ချက် မာကျော ကြံ့ခိုင် မပြောင်းလဲရာမှာလည်း သူဟာကဏန်းကိုယ်ထည်ပဲဖြစ်တယ်။ အခြေခံ ပြည်သူလူထု အများစု ကျောမွဲ တွေ ဘက်က ရပ်တည် ပြောဆို၊ ရေးသားဖို့ရာ ဆိုရင် သူ အမြဲ လေးစား ခေါင်းဆောင်တင်တဲ့ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးတောင် မချန် ပြောဆို စရာ ရှိရင် မာမာထန်ထန် ပြောပစ်လိုက်တာပဲ။ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက်၊ ရပ်တည်ချက် တွေ ဟာလည်း နှစ်ကာလ ကြာလေ ခိုင်မာလာလေပဲ ဖြစ်တယ်။

ဒီလို မာကျော၊ ရေရှည် ခိုင်မာ မှန်ကန် ခံယူချက် ရှိတဲ့ကဏန်းကိုယ်ထည် ဦးဝင်းတင်မှာကဏန်းမျက်စိလို အားနည်းချက်မျိုးလည်း ကင်းတယ်။ ရာထူး၊ အာဏာ၊ ငွေကြေး၊ စည်းစိမ် ဥစ္စာ ဘာနဲ့မှ ပေး ဝယ်လို့ မရ၊ ဘယ်လို သီလ အားနည်းချက် မျိုးမှ မရှိဘဲ ကျင့်ဝတ်၊ သိက္ခာ၊ ယုံကြည်ချက် သမိုင်းအတွက် မှတ်ကျောက်တင် ခံနိုင်ခဲ့တယ်။

ဒီလို ကြံ့ခိုင် သန်စွမ်း မာထန်တဲ့ စိတ္တ နှလုံးရည် သဘော အပြည့် ရှိတဲ့ ဦးဝင်းတင် ကို စစ်အုပ်စု နောက်မြီးဆွဲ ဝင်း-ဝင်း ဖယောင်တိုင် သမား အရေပျော်လွယ်သူများ က တယူသန်ကြီး၊ တဇောက်ကန်းကြီး၊ စေ့စပ်လို့ မရသူကြီး၊ ကွန်မြူနစ်ကြီး ဆိုချင်ကြတယ်။ ဒီလို ထင်နေသူများက တကယ်တော့ ဦးဝင်းတင် သမိုင်း ကောင်းကောင်း မသိသူများ၊ သိလျက်နဲ့ ပလူးပလဲ ပေါင်းစားရေး ပနံသင့် နိုင်ငံရေး လမ်းစဉ် အပင်းဆို့ မျက်ကွယ်ပြုနေသူများသာ ဖြစ်တယ်။

သတင်းစာ ဆရာ ဘဝ ကို ချစ်လို့ လုပ်ခဲ့၊ နိုင်ငံရေး သမား ဘဝ ကို ကျင့်ဝတ် တာဝန် အသိ အရ ခေတ် ဝန်ထမ်း ခဲ့ပေမယ့် တကယ်တော့ ဦးဝင်းတင် ဟာ စိတ်နှလုံး ပျော့ပျောင်းသူ၊ မေတ္တာ တရား ရှေ့ထားသူ၊ စာနာ နားလည် စိတ် အပြည့် ရှိသူ ဖြစ်ရုံသာမက ရသ အနုပညာ ခံစားမှု အပြည့်ရှိသူလည်း ဖြစ်တယ်။ အနုသုခုမ ကဗျာ၊ ပန်းချီ ဝါသနာကြီး သူ၊ ကဗျာတွေ ရေးခဲ့သူ၊ အနုပညာ ရသ ခံစားမှု ပန်းချီ ဆောင်းပါးတွေလည်း အများအပြား ရေးခဲ့သူ ဖြစ်တယ်။

ဆရာ ဦးဝင်းတင် အတွက် အနုပညာ ရသ က မြတ်နိုးရတဲ့ ငယ်ချစ်၊ စာနယ်ဇင်းသမား ဘဝ က ပေါင်းသင်းရတဲ့ ဇနီး မယား လို့ ဆိုနိုင်မယ် ထင်တယ်။ နိုင်ငံရေး သမား ဘဝ ကိုတော့ စစ်အာဏာရှင် စနစ်ဆိုး ပထွေး က အလိုမတူဘဲ အဓမ္မ ပြု အနိုင်ကျင့် နှိပ်စက် ရန်ပြုခံနေရတဲ့ ဗမာပြည်ဆိုတဲ့ အမျိုးသမီငယ် တယောက် ကို ကာကွယ် လိုတာကြောင့် ဒုတိယ အိမ်ထောင်ပြုခြင်းလို့ ဆိုနိုင်မယ်။

ဆရာ ဦးဝင်းတင် လေသံ မာမာ၊ အသံကျယ်ကျယ် ဟစ်နေရခြင်းက ဗမာပြည် အနှံ့ က အသံ မထွက်နိုင်တဲ့ နင်းပြား လူထု အတွက် မာနေရခြင်း ဖြစ်တယ်၊ အမှန်တရား အတွက် ကျယ် နေရခြင်း ဖြစ်တယ်၊ လွတ်မြောက်မှု အတွက် ဟစ် နေရခြင်း ဖြစ်တယ်၊ ပြည်သူ့ ဒီမိုကရေစီ စစ်စစ် အတွက် အော် နေရခြင်း ဖြစ်တယ်။

ကဏန်းကိုယ်ထည် ဦးဝင်းတင်ဟာ တကယ့် ပြည်သူ အတွက် သက်သက် ဖြစ်တယ်။ ဦးဝင်းတင် ရဲ့ ရပ်တည်ချက် မှန်ကန်ကြောင်း က သမိုင်း သက်သေ ပြုပြီး ဖြစ်တယ်။ မျက်မှောက်ခေတ် လေသံပျော့၊ ဒူးထောက်၊ ချောတိုင်တက် နိုင်ငံရေး အလုပ် မဖြစ်ကြောင်း ကလည်း တနေ့ ထက် တနေ့ ထင်ရှားလာတဲ့ စစ်အုပ်စု၊ ခရိုနီ နဲ့ လက်ဝေခံ လူတစု ကောင်းစားရေး ပေါက္ခရ ဝဿ ဒီမိုကရေစီ လမ်းကြောင်းက သက်သေပြုနေတယ်။

ဒါကြောင့်ဦးဝင်းတင် (သို့မဟုတ်) ကဏန်း ကိုယ်ထည်တယောက် ဆက်လက် မာ နိုင်ပါစေ၊ မပြီးဆုံးသေးတဲ့ ပြည်သူ့ ဒီမိုကရေစီ တိုက်ပွဲ အဆုံးတိုင် ဆင်နွှဲဖို့ အသက်ရာကျော် ရှည်ပါစေ ဆုတောင်းရင်း အသက် (၈၄) မွေးနေ့ပြည့် ဆုတောင်း မေတ္တာ လက်ဆောင်စာ ပို့၊ ကန်တော့ လိုက်ပါတယ်။

ငြိမ်းချမ်းအေး

မိုးမခ

မတ် ၁၂၊ ၂၀၁၄

ဆရာ ဦးဝင်းတင် အကြောင်း စာရေးသူ ဆက်စပ် ဆောင်းပါး ဖတ်ရန် -

http://moemaka.com/?p=21380 (အပိုင်း - )

http://moemaka.com/?p=21402 (အပိုင်း - )

No comments:

Post a Comment